ဧရာဝတီတိုင်းရှိ ရေလုပ်သားငယ်များက တိုင်းအစိုးရ၏ ကတိများ တည်ကြည်ရေးဆန္ဒထုတ်ဖော်

ဧရာဝတီတိုင်းရှိ ရေလုပ်သားငယ်များက တိုင်းအစိုးရ၏ ကတိများ တည်ကြည်ရေးဆန္ဒထုတ်ဖော်

ပုသိမ်၊ ဇွန် ၂၀ ။             ။ ဧရာဝတီတိုင်းဒေသကြီးရှိ ရေလုပ်သားငယ်များက "တိုင်းဒေသကြီးအစိုးရမှ ရေလုပ်သားငယ်များဘက်မှ ရပ်တည်ရေး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရမှ   ရေလုပ်သားများကို ပေးထားသော ကတိကဝတ်များတည်ကြည်ရေး”တောင်းဆိုပြီး ဇွန်လ ၂၀ရက်က ဆန္ဒထုတ်ဖော်ခဲ့သည်။

ဆန္ဒဖော်ထုတ်ပွဲအား ပုသိမ်မြို့တွင်ပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၁၂မြို့မှ ရေလုပ်သားအစုအဖွဲ့များပါဝင်ခဲ့သည်။

"လုပ်ပိုင်ခွင့်မရတာကို လုပ်ပိုင်ခွင့်ရချင်လို့ ဆန္ဒဖော်ထုတ်တာပါ။ လုပ်ပိုင်ခွင့်မရခြင်းက ခေတ်အဆက်ဆက်က အင်းသားကြီးတွေက လက်ဝါးကြီးအုပ်လုပ်ကိုင်ခဲ့လို့ဖြစ်တယ်”ဟု သာပေါင်းမြို့နယ်နေ ဦးအောင်မြတ်ကျော်ကပြောသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် "ရပ်ရွာအခြေပြုရေချိုငါးဖမ်းဥပဒေပေါ်ပေါက်ရေး၊ ရပ်ရွာအခြေပြု ရေလုပ်သားအစုအဖွဲ့များ ဥပဒေနှင့်အညီ အမြန်ဆုံးဖွဲ့စည်းပေးရေး၊ ရပ်ရွာအခြေပြု ရေလုပ်သားအစုအဖွဲ့များ ရေချိုငါးလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိရေး၊ သိန်းလေးဆယ်အောက်အင်းများ ရေလုပ်သားအစုအဖွဲ့များ အပြည့်အဝရရှိရေး အင်းသားကြီးများ ဥပဒေချိုးဖောက်နေမှုများအား အကာအကွယ်ပေးနေခြင်းအား ချက်ခြင်းရပ်”စသည့်များ ကြွေးကြော်ဆန္ဒဖော်ထုတ်ခဲ့သည်။

ဆန္ဒထုတ်ဖော်ရာတွင် ရေလုပ်သားအစုအဖွဲ့ အင်းအား တစ်ထောင်ဝန်းကျင်မှ ပုသိမ်မြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

မေလအတွင်း၌ အင်းသားကြီးများကလည်း ယခင်အစိုးရမှ ရောင်းချပေးခဲ့သော"ကြေးတိုင်း”အင်းများ ဖျက်သိမ်းခဲ့သော စိုက်ပျိုးမွေးမြူးရေး သယံဇာတနှင့်ပတ်ဝန်ကျင်ထိန်းသိမ်းဝန်ကြီး ဦးဘဟိန်းအား အရေးယူပေးရန် ပုသိမ်မြို့တွင် ဆန္ဒဖော်ထုတ်ခဲ့သေးသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း အင်းပေါင်းတစ်ထောင်ကျော်ရှိပြီး နှစ်စဉ် အင်းနှင့် တောင်သူလယ်သမားများအကြား စိုက်ပျိုးရေရရှိရေး အငြင်းပွားမှုများရှိနေဆဲဖြစ်သည်။ ယင်းအပြင် ရေချိုငါးလုပ်ငန်း ဥပဒေကိုလည်း  ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required