စီရော်နယ်ဒိုနှင့် ပတ်သက်ပြီး ရီးယဲလ်ဥက္ကဋ္ဌပီရက်ဇ် ပြောပြီ

စီရော်နယ်ဒိုနှင့် ပတ်သက်ပြီး ရီးယဲလ်ဥက္ကဋ္ဌပီရက်ဇ် ပြောပြီ

ဇွန် ၂၀၊ စပိန် ။          ။ ရီးယဲလ်အသင်း၏ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က စီရော်နယ်ဒို၏အနာဂတ်နှင့်ပတ်သက်ပြီး ပြောဆိုရခြင်းမရှိသေးကြောင်းနှင့် ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲ အပြီးတွင်မှ   ဆွေးနွေးရမည်ဖြစ်ကြောင်း ဖွင့်ဟပြောဆိုလိုက်သည်။

အသက် ၃၂ နှစ်အရွယ်ရှိ စီရော်နယ်ဒိုသည် စပိန်အာဏာပိုင်များက ၎င်းကိုအခွန်ရှောင်တိမ်းသည်ဟု စွပ်စွဲခဲ့ပြီးနောက် စပိန်မှ ထွက်ခွာလိုသည်ဟု ပြောဆိုခဲ့သည်။ သို့သော် စီရော်နယ်ဒိုမှာ ပြီးခဲ့သည့် ၂၀၁၆ နိုဝင်ဘာလကမှ ရီးယဲလ်နှင့် ငါးနှစ်စာချုပ် သက်တမ်းတိုးထားခြင်း ဖြစ်သည်။

‘အခုအချိန်မှာ ကျွန်တော်ပြောနိုင်တာကတော့ စီရော်နယ်ဒိုဟာ ရီးယဲလ်ကစားသမားပါ’ ဟု ပီရက်ဇ်က ဆိုသည်။ စပိန်အာဏာပိုင်များကစွပ်စွဲထားသော်လည်း စီရော်နယ်ဒိုဘက်ကမူ အခွန်ရှောင်တိမ်းခြင်း မရှိဟု ဆိုသည်။

‘ပြဿနာတစ်ခုခု ဖြစ်ခဲ့တယ်ဆိုတာ သိသာထင်ရှားပါတယ်။ စီရော်နယ်ဒိုကို အဲ့ဒီကိစ္စက ရိုက်ခတ်မှုရှိခဲ့ပါလိမ့်မယ်။ သူ့အပေါ်လူအများရဲ့ယုံကြည်မှုပေါ့။ ကျွန်တော်သေချာပေါက်ပြောရဲပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရော်နယ်ဒိုက ကျွန်တော်တို့ကို ပြောပါလိမ့်မယ်။

အခုအချိန်မှာ စီရော်နယ်ဒိုက အရေးကြီးတဲ့ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲဝင်နေပါတယ်။ ပြိုင်ပွဲကမပြီးသေးပါဘူး။ ဒီလိုအချိန်မှာ ကျွန်တော်တို့ ပေါ်တူဂီအသင်းကို အနှောက်အယှက်မပေးလိုပါဘူး။ စီရော်နယ်ဒိုက ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ချင်တဲ့ သူပါ။ သူရီးယဲလ်ကို စွန့်ခွာချင်တယ်ဆိုရင် ငွေကြေးကြောင့်တော့ မဟုတ်ပါဘူး’ ဟု ပီရက်ဇ်က ဆိုသည်။

မိုရာတာနှင့်ရိုဒရီဂွက်ဇ်တို့အကြောင်းနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင်မူ ပီရက်ဇ်က ‘ရိုဒရီဂွက်ဇ်အပါအဝင် အသင်းရဲ့ကစားသမားအားလုံးကို ကျွန်တော်တို့ ဆက်လက်ထိန်းသိမ်းထားလိုပါတယ်’ ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly