လိင်ဦးစားပေးနိုင်ငံခြား ခရီးသွားများ အတွက်မြန်မာနိုင်ငံက စားကျက်နယ်မြေဖြစ်လာနိုင်

လိင်ဦးစားပေးနိုင်ငံခြား ခရီးသွားများ အတွက်မြန်မာနိုင်ငံက စားကျက်နယ်မြေဖြစ်လာနိုင်

သြဂုတ် ၄ ရက် ။       ။ ဆယ်စုနှစ်များစွာ အာဏာရှင်လက်အောက်တွင် အထီးကျန်နေထိုင်ခဲ့ရသည့် မြန်မာနိုင်ငံက ပြင်ပနိုင်ငံခြားသားဝင်ရောက်မှုှနှင့် ပတ်သက်ကာ စိုးရိမ်မှုရှိခဲ့သော်လည်း ခရီးသွား ဧည့်သည်များကို ဆွဲဆောင်ရာနေရာတစ်နေရာလည်းဖြစ်နေသည်။

မြန်မာနိုင်ငံတွင် လှပပြီး ဆွဲဆောင်မှုရှိသည့် နေရာများစွာရှိသည်။ ယနေ့ကာလတွင် ခရီးသွား ဧည့်သည်များအတွက် လာရောက်လည်ပတ်မှု ပိုမိုလွယ်ကူစေပြီး လက်ရှိအစိုးရကလည်း ယခင်ကြမ်းတမ်း သည့် စစ်တပ်အုပ်ချုပ်မှု ခေတ်တစ်လျှောက် ပြင်ပဧည့်သည်အဝင်အထွက်နည်းပါးခဲ့သည်ကို ဖြေရှင်းနိုင်ရေး များစွာလုံ့လစိုက်ထုတ် လုပ်ဆောင်လာခဲ့သည်။

သို့သော် " ပြင်ပက သန့်ရှင်းတဲ့ လေရဖို့ ပြတင်းပေါက်တံခါးတွေ ဖွင့်လိုက်တာက အခြားအရာတွေပါ ဝင်ရောက်လာစေနိုင်တာပဲ။" ဟု မြန်မာဗိုလ်ချုပ်ကြီးများမှ တစ်ဦးက ပြောခဲ့ဖူးသည်။ အရှေ့တောင် အာရှ ခရီးသွားလုပ်ငန်း တံခါးဖွင့်လှစ်ခြင်းနှင့်အတူ လိင်အဖော်ရှာသူများမှသည် မူးယစ်ဆေးဝါးသုံး ဧည့်သည်များပါ ရောနှောဝင်ရောက်လာမည်ဟု ဆိုလိုခြင်းဖြစ်သည်။

ခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံတွင် ယခင်ကထက် ဖွံ့ဖြိုးကျယ်ပြန့်လာလျက်ရှိသည်။ အစိုးရက ယခုနှစ်တွင် ခရီးသွားဧည့်သည်ပေါင်း ၄ ဒသမ ၅ သန်း ဝင်ရောက်ရန်ရည်မှန်းထားသည်။ ယင်းသည် လွန်ခဲ့သည့် ငါးနှစ်က အရေအတွက်၏ ငါးဆပမာဏဖြစ်သည်။

သို့သော်လည်း မြန်မာနိုင်ငံသည် ဧည့်သည်များ အလုံးအရင်းဝင်ရောက်လာခြင်းအပေါ် ကိုင်တွယ်ဖြေရှင်းနိုင် ရေး ကြိုတင်ပြင်ဆင်မှု အားနည်းလွန်းသည်ဟု သတိပေးချက်လည်း ရှိထားသည်။

ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံသို့ အတွေ့အကြုံသစ်အတွက် ငွေကြေးသုံးစွဲမည့် ခရီးသွားဧည့်သည်အနည်းငယ်က စိတ်ဝင်စားဦးတည်ရာနေရာဖြစ်ကြောင်း၊ ဧည်သည့်လာရောက်မှု မြှင့်တင်နိုင်ရေး လုပ်ဆောင် ရမည်ဖြစ်သလို အခြားအာရှနိုင်ငံများကိုလည်း နမူနာယူသွားရမည်ဖြစ်ကြောင်း Myanmar Centre for Responsible Business အဖွဲ့က အစီရင်ခံစာထုတ်ပြန်သတိပေးခဲ့ခြင်းဖြစ်သည်။

ဥပမာအားဖြင့် ထိုင်းနိုင်ငံ ဆိပ်ကမ်းမြို့ ပတ္တရားကဲ့သို့သော နေရာများစွာ၏ အခြေအနေဆိုးက သင်ခန်းစာ ဖြစ်သည်ဟု ယင်းစီရင်ခံစာတွင် ထောက်ပြသည်။ လိင်ဖျော်ဖြေရေးကဲ့သို့သော ညစ်ညမ်းကိစ္စ များအတွက် လာရောက်ကြသည့် ခရီးသွားနေရာ ဖြစ်နေသည်ကို အစီရင်ခံစာက သတိပေးသည်။

လာအိုတောနယ်ပိုင်းရှိ မူးယစ်ဆေးဝါးဈေးပေါပေါဖြင့် ရနိုင်ခြင်း၊ ပါတီပွဲများကျင်းပသောင်းကျန်းကြခြင်း တို့ဖြင့် ထိခိုက်သေဆုံးမှုများဖြစ်ကာ နာမည်ဆိုးဖြင့် ကျော်ကြားပြီး ပါတီမြို့ဟုခေါ်သော Vang Vieng မြို့သည် လည်း မြန်မာနိုင်ငံအတွက် သင်ခန်းစာယူစရာဖြစ်သည်။

ကမ္ဘောဒီးယားရှိ ဖနွမ်းပင်မြို့မှာလည်း နိုက်ကလပ်မယ်များ၊ ပြောင်ကျကျ မူးယစ်ဆေးဝါး အရောင်းအဝယ်သမားများက နိုင်ငံခြားသားခရီးသွားဧည့်သည်များအတွက် လိုချင်ရာရနိုင်သည့် အနေအထားဖြင့် မြို့နေရာတော်တော်များများတွင် စည်ကားရှုပ်ထွေးနေလျက်ရှိနေသည်။

မြန်မာနိုင်ငံတွင်မူ လက်နက်ကိုင်အဖွဲ့များရှိသည့် တရုတ်နယ်စပ်ဒေသအချို့မှလွဲ၍ မတူကွဲပြားနေသေးသည်။

အဓိကခရီးသွားများ ရောက်ရှိလည်ပတ်ရာနေရာများတွင် အနောက်တိုင်းသား ဧည့်သည်များအတွက် နေ့တွင် သောက်စားအချိန်ကုန်ပြီး ညပိုင်း ပြည့်တန်ဆာရှာဖွေပေးမှုများက အနည်းနှင့် အများရှိသည်။

စစ်တပ်၏ ကာလရှည် တင်းကျပ်သည့် အုပ်ချုပ်မှုကြောင့်လည်းကောင်း၊ အာရှတွင် တွေ့ရခဲသည့် ဗုဒ္ဓဘာသာအဆုံးအမကျင့်ဝတ်၏ ထိန်းမတ်ပေးမှုကြောင့်လည်းကောင်း မြန်မာနိုင်ငံက လိင်ခရီးသွား ဧည့်သည်များနှင့် ပတ်သက်၍ မထောင်းသာသေးပဲ ရှိနေသည်။ ပြည့်တန်ဆာလုပ်ငန်းများ ရှိနေသော်လည်း ကာရာအိုကေအခန်းများနှင့် နိုက်ကလပ်များတွင် ဖြန့်ကြဲရှိနေခြင်းသာ ဖြစ်သည်။

သို့သော်လည်း ထင်သာမြင်သာရှိလာမည့် အပျော်လိင်ဦးစားပေး ခရီးသွားလုပ်ငန်းများ ပေါ်ပေါက်လာမည့် လက္ခဏာများလည်း ရှိနေသည်။

ဆင်းရဲသည့် မြန်မာနိုင်ငံအတွက် ဒေါ်လာက အဓိကအရေးပါသည်။ အရွယ်မရောက်သေးသော ကလေးပြည့်ဆန်ဆာမှုခင်းများကို လာဘ်လာဘမကင်းသည့် ရဲများက မသိဟန်ဆောင်နေခြင်းများလည်း ရှိနေနိုင်သည်။

ကလေးအလုပ်သမားများ များပြားလွန်းနေပြီး ပြည်တွင်းစစ်လည်း ပြောက်ကျားဖြစ်ပွားလျက် ရှိသည့် နိုင်ငံအတွက် စည်းစနစ်နှင့်အညီ ပြည့်တန်ဆာလုပ်ကိုင်ခွင့်လည်း မပြဌာန်းနိုင်သေးခြင်းကြောင့် လိင်လုပ်သားများအတွက် အကာအကွယ်နှင့် ရောဂါပုံမှန်စစ်ဆေးမှုကိစ္စများလည်း မှေးမှိန်နေရသည်။

ခရီးသွားများ အများဆုံးရောက်ရှိရာ ရန်ကုန်မြို့ ဟိုတယ်များတွင် နိုင်ငံခြားသား ဖောက်သည်များကို ရှာနေသည့် လိင်လုပ်သားများ အပြည့်ရှိနေခဲ့သည်။

လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏သမီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကလည်း လိင်ခရီးသွားများအရေး စိုးရိမ်မှုနှင့် ခေါင်းပုံဖြတ်ခံရမည့် အရေးများ ကိုပြောဆိုထား ဖူးသည်။

အဆိုပါ လိင်ခရီးသွားဧည့်သည်များ ဝင်ရောက်လာမှုများက နိုင်ငံကို စစ်အစိုးရမတိုင်မီ အင်္ဂလိပ်ကိုလိုနီပြုသည့် ခေတ်သို့ ပြန်ရောက်သွားစေနိုင်သည့် ကံဆိုးမှုမျိုးဖြစ်သည်။

၂၀ ရာစုအစောပိုင်း နှစ်များက ဗြိတိသျှအုပ်ချုပ်ခံ အိန္ဒိယရှိအခြားနေရာများထက် မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများကြောင့် ပြည့်တန်ဆာဈေးကွက်ကြီးတစ်ခု ဖြစ်ခဲ့ဖူးကြောင်း ဆိုသည်။

Source – The Week

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required