နေတိုးမဟာမိတ် ပိုလန်သို့ ဒေါ်နယ်ထရမ့် မသွားရောက်မီ အင်အားပြသည့်အနေဖြင့် တရုတ်နှင့် ရုရှတို့က စစ်ရေးလေ့ကျင့်မည်

နေတိုးမဟာမိတ် ပိုလန်သို့ ဒေါ်နယ်ထရမ့် မသွားရောက်မီ အင်အားပြသည့်အနေဖြင့် တရုတ်နှင့် ရုရှတို့က စစ်ရေးလေ့ကျင့်မည်

ပေကျင်း၊ ဇွန် ၁၉ ။                ။ လာမည့်လတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နေတိုးမဟာမိတ်ဖြစ်သော ပိုလန်သို့ သွားရောက်ရန်ရှိချိန် အင်အားပြသည့် အနေဖြင့် တရုတ်ရေတပ်သင်္ဘောအုပ်စုသည် ရုရှနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ရန် ဘယ်တစ်ပင်လယ်သို့ ခုတ်မောင်းသွားနေပြီဖြစ်သည်။

ဖျက်သင်္ဘော Changsha ဦးဆောင်သည့် တရုတ်သင်္ဘောသုံးစင်းက စိန့်ပီတာစဘတ်အနီးတွင် ရုရှစစ်သင်္ဘောအုပ်စုနှင့် ချိတ်ဆက်ပူးပေါင်းမည်ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းက ဖော်ပြသည်။

၂၀၁၂ ခုနှစ်က စတင်ကာ Joint Sea ဟုအမည်ရသော ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများကို ရုရှနှင့် တရုတ်နိုင်ငံတို့က အပြန်အလှန် အိမ်ရှင်ပြုကာ ပူးပေါင်းလေ့ကျင့်နေခဲ့ခြင်းဖြစ်သည်။

ယခုနှစ်လေ့ကျင့်မှုကို ဇူလိုင်နှောင်းပိုင်းတွင် စီစဉ်ထားခြင်းဖြစ်ကြောင်း၊ တရုတ်မရိန်းတပ်နှင့် သင်္ဘောဆင်း ရဟတ်ယာဉ်များပါ ပါဝင်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

ဒေါ်နယ်ထရမ့်သည် ဂျာမနီတွင် ကျင်းပမည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေး မတက်ရောက်မီ ဇူလိုင် ၅ ရက် ၆ ရက်နေ့တို့တွင် ဘယ်တစ်ပင်လယ်နားရှိသော ပိုလန်နိုင်ငံသို့ သွားရောက်ဖြစ်ဖို့ရန်ရှိသည်။

ယခုနှစ် စစ်ရေးလေ့ကျင့်မှုက တရုတ်-ရုရှမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး စုစည်းခိုင်မြဲရန် ရည်ရွယ်ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags