MPT ဆင်းကဒ်အသုံးပြုသူ တစ်နှစ်အတွင်း ၃ သန်းတိုးလာဟုဆို

MPT ဆင်းကဒ်အသုံးပြုသူ တစ်နှစ်အတွင်း ၃ သန်းတိုးလာဟုဆို

ရန်ကုန်၊ ဇွန် ၁၉ ။          ။ MPT ဆင်းကဒ်အသုံးပြုသူ သန်း ၂၀ခန့်ရှိရာမှ တစ်နှစ်အတွင်း အသုံးပြုသူ ၃ သန်းတိုးလာပြီး ၂၃သန်းရှိပြီဖြစ်ကြောင်း MPT ၏ အကျိုးတူပူးပေါင်းဆောင်ရွက်မှု စီးပွားရေးဌာနမှ ဒုတိယအရာရှိချုပ် ဦးသိန်းဟုတ်က ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ ပတ်ရွိုင်ရယ်ဟိုတယ်တွင် ယနေ့ (ဇွန် ၁၉) ပြုလုပ်သည့်  4G စနစ် LTE+ ဝန်ဆောင်မှုကို စတင်မိတ်ဆက်သည့် အခမ်းအနားတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

၂၀၁၄ စက်တင်ဘာလတွင် MPT အသုံးပြုသူ ၆ သန်းခန့်၊ ၂၀၁၅ ဇန်နဝါရီတွင် ၁၁ သန်း၊ ၂၀၁၆ မေလတွင် သန်း၂၀ နှင့် လက်ရှိအချိန်ထိ ၂၃ သန်းခန့်အသုံးပြုနေခြင်းဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် အခမ်းအနားမှ သိရသည်။

“ခုချိန်ထိဆိုရင် လွန်ခဲ့တဲ့ ၂၀၁၄ ကနေ ပြန်ကြည့်လိုက်ရင် ၁၀ လောက် တိုးတတ်လာပါတယ်" ဟု ဦးသိန်းဟုတ်ကပြောဆိုသည်။

MPT သည် ဇွန်လ ၁၉ရက်က လက်ရှိအသုံးပြုနေသည့် 3G ဆင်းကဒ်အစား 4G ဆင်းကဒ်ကိုစတင်မိတ်ဆက်ခဲ့ပြီး 4G အသုံးပြုသူများအနေဖြင့် အင်တာနက်အမြန်နှုန်း ၂ ဆခန့်ပိုမိုမြန်ဆန်လာမည်ဟုလည်း ဆိုသည်။

သို့သော် အဆိုပါ 4G အဆင့် အင်တာနက်အမြန်နှုန်းကို နေပြည်တော်၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့ရှိ မြို့နယ် (၄၇) မြို့နယ်တွင်သာ လက်ရှိ အသုံးပြုနိုင်သေးကြောင်းသိရသည်။

သြဂုတ်လတွင် မြို့ကြီး ၂၀ ကျော်နှင့် စက်တင်ဘာလတွင် တိုင်းနှင့်ပြည်နယ်အားလုံးရှိ မြို့ကြီး ၃၀ ကျော်၌ အဆိုပါ 4G ကွန်ယက် LTE+ Network ကိုအသုံးပြုနိုင်မည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT သည် ၂၀၁၄ ခုနှစ်မှစတင်ကာ ဂျပန်နိုင်ငံမှ KDDI ကော်ပိုရေးရှင်း၊ Sumitomo ကော်ပိုရေးရှင်းတို့နှင့် ပူးပေါင်းခဲ့ပြီး အဆိုပါ ဂျပန်နိုင်ငံကုမ္ပဏီများမှ ကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြုပ်နှံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly