"၀ဲသြဃမှာ တေးသံပြိုင်လို့” စာအုပ်ဖြင့် ကိုဂျင်မီ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ဂုဏ်ပြု

"၀ဲသြဃမှာ တေးသံပြိုင်လို့” စာအုပ်ဖြင့် ကိုဂျင်မီ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ဂုဏ်ပြု

ရန်ကုန်၊ ဇွန် ၁၉ ။               ။ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဂျင်မီ၏ “ဝဲသြဃမှာ တေးသံပြိုင်လို့” ဟု အမည်ပေးထားသည့် စာအုပ်ကို  ဇွန်လ ၁၉ ရက်နေ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့တွင် အချိန်ကိုက် မိတ်ဆက်ခဲ့သည်။

စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်ခဲ့သည်။

“ဒီစာအုပ်က ထောင်ထဲမှာရေးလာခဲ့တဲ့စာအုပ်ပေါ့နော်။ ကျွန်မတို့ဒီစာအုပ်ကို ထုတ်ချင်နေတာက ကြာပြီ။ ထောင်ထဲမှာ အဲဒီ့ကာလက ခိုးရေးခဲ့ရတဲ့ကာလပါ။ အခုကာလမှာက ပွင့်လင်းမြင်သာလာတော့ ဒီစာအုပ်လေး ထွက်ရှိဖို့အတွက် အားလုံးက ဝိုင်းဝန်းပြီးတော့လုပ်ဆောင်ပေးကြတယ်” ဟု ကိုဂျင်မီ၏ ဇနီး ဒေါ်နီလာသိန်းကပြောသည်။

အဆိုပါ စာအုပ်သည် အဆိုးသံသရာကို မကြောက်မရွံ့ သီချင်းဆိုပြီး ကျော်ဖြတ်ကြသည့် လူငယ်တွေအကြောင်းကို ပြန်လည်ပုံဖော်ထားခြင်းဖြစ်သည်။ ၎င်းတို့ ဖြတ်သန်းခဲ့ရသော ကြမ်းကြမ်းတမ်းတမ်း   နိုင်ငံရေးအတွေ့အကြုံများကို ပြန်လည်ပုံဖော်ရေးသားထားကြောင်း ကိုဂျင်မီက ပြောသည်။

“အဓိကကတော့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၂ နှစ်ပြည့်မွေးနေ့ကို ကျွန်တော်က အလုပ်နဲ့ ဂုဏ်ပြုလိုက်တာပါ” ဟု ၎င်းက ဆိုသည်။

ကိုဂျင်မီသည် ပထမဦးဆုံးထုတ်ခဲ့သော “မိတ်ဖြစ်ဆွေဖြစ်”ဘာသာပြန်လုံးချင်းဝတ္ထုတွင် ကိုဂျင်မီ၏ အမည်ဖြင့် ထုတ်ခွင့်မရသဖြင့် ဘုန်းသုတ အမည်ဖြင့် ထုတ်ဝေခဲ့ပြီး   ရောင်းအားအကောင်းဆုံး စာအုပ်စာရင်းဝင်ခဲ့သည်။

ယခု မိတ်ဆက်သော “ဝဲသြဃမှာ တေးသံပြိုင်လို့” စာအုပ်သည် ယခင်ထုတ်ဝေခဲ့သော “သံစုံတီးတဲ့ ဝဲသြဃ” စာအုပ်၏ အပိုင်းဆက်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly