ထိုင်းတောင်ပိုင်းတွင် လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် စစ်သားခြောက်ဦး သေဆုံး

ထိုင်းတောင်ပိုင်းတွင် လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် စစ်သားခြောက်ဦး သေဆုံး

ဇွန် ၁၉ ။                     ။ မွတ်ဆလင်ခွဲထွက်ရေးပြဿနာနှင့်အတူ မတည်မငြိမ်ဖြစ်နေလျက်ရှိသည့် ထိုင်းတောင်ပိုင်းတွင် ဇွန်လ ၁၉ ရက်က လမ်းဘေးဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ကင်းလှည့်စစ်သား ခြောက်ဦး ကျဆုံးသွားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

နိုင်ငံတောင်ပိုင်း ပတ္တနီခရိုင်ရှိ လမ်းတစ်ခုတွင် စစ်သားဆယ်ဦးလိုက်ပါလာသည့် ပစ်ကပ်ယာဉ်တစ်စီး ဖြတ်သန်းမောင်းနှင်လာစဉ် အဆိုပါဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" လမ်းဘေးဗုံးကြောင့် ခြောက်ဦးသေပြီး လေးယောက် ဒဏ်ရာရသွားတယ်" ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သည့် ပရုခ် လျန်ဆွတ်ခ် က ပြောသည်။

အဆိုပါ မွတ်ဆလင်အများစုရှိသည့် တောင်ပိုင်းနယ်စပ်ဒေသမှာ ယခင်ဆယ်စုနှစ်တစ်စုကြာကတည်းက မငြိမ်မသက်မှုများနှင့် လုံးပန်းနေခဲ့ရပြီး ယင်းဒေသရှိ တိုင်းရင်းသား မလေးသူပုန်များက အစိုးရတပ်များကို တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။

၂၀၀၄ ခုနှစ်နောက်ပိုင်း မကြာခဏဆိုသလို ပစ်ခတ်ခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်းတို့ကြောင့် အသက်ပေါင်း ၆,၈၀၀ ဆုံးရှုံးထားရသလို လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များ ရှိထားကြောင်း နှစ်ဘက်စလုံးက အပြန်အလှန် စွပ်စွဲထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly