ဒေါ်အောင်ဆန်းစုကြည်၏ (၇၂)နှစ်ပြည့်မွေးနေ့ပွဲ

ဒေါ်အောင်ဆန်းစုကြည်၏ (၇၂)နှစ်ပြည့်မွေးနေ့ပွဲ
၇၂နှစ်ပြည့် မွေးနေ့တွင် ကိုယ်တိုင် ကိတ်မုန့်လှီးနေနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(ဇွန် ၁၉ရက်၊ ၂၀၁၇ခုနှစ်)။ ။ ၂၀၁၇ခုနှစ်၊ ဇွန်လ ၁၉ရက်တွင် ကျရောက်သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်၏ (၇၂)နှစ်ပြည့် မွေးနေ့ပွဲအား နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် I-12 တွင် ယနေ့နံနက် ၁၀နာရီခွဲက ကျင်းပခဲ့သည်။

မွေးနေ့ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကာ ကိုယ်တိုင် မွေးနေ့ကိတ်လှီးပြီး သမ္မတဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်း၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းနှင့် လွှတ်တော်အမတ်အချို့နှင့်အတူ ဆင်နွှဲခဲ့သည်။

ထို့ပြင် လွှတ်တော်မှ သန့်ရှင်းရေးဝန်ထမ်းတချို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မွေးနေ့ကိတ်နှင့် စားစရာတချို့ ကိုယ်တိုင် ဝေငှကာ ဒါနပြုခဲ့သည်။

“အားလုံးက တစ်ယောက်နဲ့တစ်ယောက် မေတ္တာထားပြီးတော့ စိတ်ချမ်းသာအောင် လုပ်ကြပါလို့ ဒါပဲ ခပ်တိုတို ပြောချင်တယ်။ နောက်ဆုံးကျတော့ လူတိုင်း၊ လူတိုင်းဟာ စိတ်ချမ်းချမ်းသာသာ နေချင်ကြတာပဲ။ ကိုယ်စိတ်ချမ်းသာချင်သလို သူများတွေ စိတ်ချမ်းသာအောင်လည်း ဝိုင်းပြီးတော့ လုပ်ကြပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က မွေးနေ့အမှတ်တရစကား ပြောသည်။

အဆိုပါ လွှတ်တော်ရေးရာဆောင် I-12 သည် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ရေးရာဆောင်ဖြစ်ပြီး ၂၀၁၃ခုနှစ်ကစပြီး သူမ၏ မွေးနေ့ကို ထိုနေရာတွင်ပင် ကျင်းပလာခဲ့သည်မှာ ၅နှစ်ခန့် ရှိပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ (၇၂)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အမတ်များက ၎င်းတို့၏ လွှတ်တော်နေ့တွက် စရိတ်ကို ငြိမ်းချမ်းရေးအတွက် လှူဒါန်းခဲ့သည်။

ပြည်သူ့လွှတ်တော်ဘက်မှ ၄၃သိန်း၊ ၂သောင်းနှင့် အမျိုးသားလွှတ်တော်ဘက်မှ ၂၇သိန်း၊ ၅သောင်းအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လှူဒါန်းလိုက်ခြင်း ဖြစ်သည်။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အမတ်များသည် လစာ ၁၀သိန်းအပြင် ချီးမြှင့်ငွေအဖြစ် လွှတ်တော်အစည်းအဝေးတစ်ရက်လျှင် နေ့တွက်စရိတ် ကျပ်ငွေ ၂သောင်း ရရှိသည်။

“အမေ လျှောက်နေတဲ့ လမ်းကြောင်းကို ကျွန်တော်တို့က စိတ်ဓာတ်အား ဝိုင်းပြီး ဖြည့်ဆည်းပေးတဲ့သဘောနဲ့ ကျွန်တော်တို့ NLD အမတ်တွေရဲ့ အမျိုးသားလွှတ်တော်ကော၊ ပြည်သူ့လွှတ်တော်ကကော ရရှိတဲ့ နေ့တွက်ခ တစ်ရက်စာ ချီးမြှင့်ငွေကို စုပေါင်းပြီးတော့ လှူဒါန်းလိုက်တာပါ” ဟု အင်းစိန်မြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးမောင်မောင်ဦးက ပြောသည်။

ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌဖြစ်သူ ဦးခင်ရွှေကလည်း “အစ်မ နေကောင်းဖို့ အရေးကြီးတယ်။ ကျန်းမာဖို့ အရေးကြီးတယ်။ အသက်ရှည်ဖို့ အရေးကြီးတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းစကား ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly