လန်ဒန်ဗလီရှေ့ လူအုပ်ထဲ ကားဖြင့်ဝင်တိုက်သည့်ဖြစ်စဉ် အကြမ်းဖက်မှုဖြစ်နိုင်ဟု ဗြိတိန်ဝန်ကြီးချုပ် ပြော

လန်ဒန်ဗလီရှေ့ လူအုပ်ထဲ ကားဖြင့်ဝင်တိုက်သည့်ဖြစ်စဉ် အကြမ်းဖက်မှုဖြစ်နိုင်ဟု ဗြိတိန်ဝန်ကြီးချုပ် ပြော

ဇွန် ၁၉ ။               ။ ဇွန်လ ၁၉ ရက် အစောပိုင်းက လန်ဒန်ရှိ ဗလီတစ်ခုရှေ့၌  ဗင်ကားတစ်စီးက လမ်းသွားလမ်းလာများကို ဝင်တိုက်ခဲ့မှုဖြစ်စဉ်တွင် တစ်ဦးသေဆုံးပြီး အခြားရှစ်ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။ ယခုအအခါ ယင်းဖြစ်စဉ်မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ထုတ်ဖော်ပြောဆိုထားပြီး ဆက်လက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီ ဖြစ်သည်။

လူအုပ်ထဲ ဝင်တိုက်ခဲ့သည့် အသက် ၄၈ နှစ်အရွယ် ကားသမားဖြစ်သူကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးနေပြီ ဖြစ်သည်။

လန်ဒန်မြောက်ပိုင်းရှိ Finsbury Park ဗလီအနီး ဝတ်ပြုဆုတောင်းပွဲ တက်သူ ဘာသာဝင်များကို ပစ်မှတ်ထားခံခဲ့ရခြင်းဖြစ်ကြောင်း မွတ်ဆလင်ဘာသာခေါင်းဆောင်များက ပြောသည်။ ယခုဖြစ်စဉ်တွင် ထိခိုက်ခဲ့သူအားလုံးမှာလည်း မွတ်ဆလင်များဖြစ်ကြောင်း လန်ဒန်ရဲတပ်ဖွဲ့အကြီးအကဲက ဆိုသည်။

အလားတူ ကားသမားဖြစ်သူကလည်း " မွတ်ဆလင်တွေအကုန်လုံးကို ကျူပ်သတ်ပစ်ချင်တယ်" ဟု အော်ဟစ်သွားကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

ယခုအခါ ဝန်ကြီးချုပ်ထရီဇာမေကလည်း ယင်းတိုက်ခိုက်မှုကိစ္စနှင့်ပတ်သက်၍ အရေးပေါ်ဝန်ကြီးအဆင့်ဆွေးနွေးပွဲ ခေါ်ယူသွားရန်ရှိနေသည်။

အလားတူ ယခုဖြစ်စဉ်မှာ ဆိုးရွားကြမ်းကြုတ်သည့် တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်းနှင့် အပြစ်မဲ့လန်ဒန်မြို့တော်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့တော်ဝန် ဆာဒစ်ခန်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly