တီဟီရန်အကြမ်းဖက်ခံရမှုကို လက်တုန့်ပြန်သည့်အနေဖြင့် အီရန်က အိုင်အက်စ်ကို ဒုံးကျည်ဖြင့် တိုက်ခိုက်

တီဟီရန်အကြမ်းဖက်ခံရမှုကို လက်တုန့်ပြန်သည့်အနေဖြင့် အီရန်က အိုင်အက်စ်ကို ဒုံးကျည်ဖြင့် တိုက်ခိုက်

ဇွန် ၁၉ ။               ။ ယခုလအစောပိုင်းကပေါ်ပေါက်ခဲ့သည့် တီဟီရန် အကြမ်းဖက်တိုက်ခိုက်ခံရမှုကို ပြန်လည်လက်စားချေသည့်အနေဖြင့် ဆီးရီးယားရှိ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို ဒုံးကျည်ဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း အီရန်က ဇွန်လ ၁၉ ရက်တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်က အီရန်ရှိ ပါလီမန်အဆောက်အအုံနှင့် အာဇာနည်ဂူဗိမာန်တစ်ခုတို့ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် လူ ၁၇ ဦးသေဆုံးခဲ့ရကာ ယင်းမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု အိုင်အက်စ်တို့က ထုတ်ဖော်ထားခဲ့သည်။

ယခုအခါ အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကို ပြန်လည် လက်တုန့်ပြန်သည်အနေဖြင့် ဆီးရီးယားရှိ အိုင်အက်စ်အဖွဲ့ကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပစ်မှတ်များလည်း အသေအချာထိမှန်ခဲ့ကြောင်း အီရန်တပ်များက ထုတ်ပြန်သည်။

အီရန်စစ်တပ်က နိုင်ငံအနောက်ဘက်နယ်စပ်မှတဆင့် ဆီးရီးယားနိုင်ငံတွင်းရှိ အိုင်အက်စ်တို့ ထိန်းချုပ်ထားရာ Deir Ezzor ဒေသတွင်းသို့ ဒုံးကျည်ခြောက်စင်း ပစ်လွှတ်ခဲ့ကြောင်း ထုတ်ပြန်ပြောကြားသည်။

" ဒမစကပ်မြို့အနီး ပျံဝဲနေခဲ့တဲ့ ဒရုန်းတွေ ရိုက်ကူးခဲ့ရသမျှတော့ ပစ်မှတ်တွေ ထိမှန်ခဲ့ပါတယ်" ဟု အီရန်လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အလီ ဟာဂျီဇာဒက်က ပြောသည်။

ယခု ဒုံးကျည်တိုက်ခိုက်မှုသည် အီရန်တို့အတွက် နှစ် ၃၀ အတွင်း ယင်း၏ ပိုင်နက်နယ်မြေပြင်ပသို့ ပစ်မှတ်ထားလုပ်ဆောင်ခဲ့သော ပထမဆုံး တိုက်ခိုက်မှုလည်း ဖြစ်လာခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags