မွေးရာပါ စိတ်ကျန်းမာရေးချို့တဲ့သော မိန်းကလေးငယ်အား မီးရထားရဲတပ်သားတစ်ဦးက အဓမ္မပြုကျင့်မှု ကောလင်းမြို့နယ်တွင်ဖြစ်ပွား

မွေးရာပါ စိတ်ကျန်းမာရေးချို့တဲ့သော မိန်းကလေးငယ်အား မီးရထားရဲတပ်သားတစ်ဦးက အဓမ္မပြုကျင့်မှု ကောလင်းမြို့နယ်တွင်ဖြစ်ပွား

ရန်ကုန်၊ ဇွန်လ ၁၉ ။              ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် မွေးရာပါ စိတ်ကျန်းမာရေချို့တဲ့ပြီး ခြေတစ်ဖက် ပိုလီယိုဖြစ်နေ သော အသက် ၁၆ နှစ်အရွယ်အမျိုးသမီးငယ်အား   ကောလင်းမီးရထားရဲတပ်ဖွဲ့မှ မီးရထားရဲတပ်သားတစ်ဦးက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း ကောလင်းမြို့မရဲစခန်းမှ အမှုစစ်အရာရှိ ဒုရဲမှူး ကျော်မျိုးသိန်းက မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

“လက်ရှိအခြေအနေကတော့ မနေ့က ကောင်မလေးဘက်က သက်သေကို စစ်တာပေါ့။ တရားလိုကတော့ သူ့အစ်မပေါ့။ ကျင့်ခံရတယ်ဆိုတဲ့ကောင်မလေးကို မေးတော့ သိပ်ပြီးရေရာတိကျအောင် မပြောနိုင်ဘူး။ လူကလည်း မွေးရာပါ ဦးနှောက်က ဉာဏ်ရည်မပြည့်မီဘူးဆိုတော့ သိပ်မပြောနိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့က ကောင်မလေးကို ဆေးရုံမှာ ဆေးစစ်ချက်ယူထားတယ်။ နောက်သူ ဝတ်ထားတဲ့ လုံချည်တွေ၊ ဘာတွေကို ဓာတုဗေဒ ဝန်ရုံးကို ပေးပို့သွားမယ်။ ဒါတွေက အမှုဖွင့်ပြီး တစ်လအတွင်းပေးပို့ရတာပေါ့” ဟု ဒုရဲမှူး ကျော်မျိုးသိန်းက ပြောသည်။

အမှုဖြစ်စဉ်မှာ အဆိုပါ အမှုကို စစ်ဆေးနေသည့် ဒုရဲမှူး ကျော်မျိုးသိန်းပြောပြချက်အရ ဇွန်လ ၁၇ ရက်နေ့၊ နံ နက် ၁ဝ နာရီခန့် ယင်းမိန်းကလေး ၎င်းနေအိမ်တွင်ရှိနေစဉ် မီးရထားရဲစခန်းမှ ရဲတပ်သား အောင်ပိုင်ဆိုသူက ရောက်ရှိလာပြီး တောင်ပေါ်သို့ ဘုရားဖူးရန် လိုက်ပို့မည်ဟု ဆိုကာ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ခေါ်ဆောင်သွားရာ တောင်ပေါ်ဘုရားမရောက်မီ လမ်းတွင် ဆိုင်ကယ်ဘီးပေါက်သည်ဟုဆိုကာ လမ်း အနီးရှိ နေအိမ်တစ်အိမ်တွင် ဆိုင်ကယ်အပ်ထားခဲ့ပြီး မိန်းကလေးငယ်အား လယ်ကွင်းဘက်သို့ ခေါ်ဆောင်သွား ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ဇွန်လ ၁၇ ရက်တွင် ကောလင်းမြို့မရဲစခန်း၌ ပုဒ်မ - ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့်ထားပြီး ယနေ့ ဇွန်လ ၁၉ ရက်တွင် ကောလင်းမြို့နယ်တရားရုံး၌ ရဲလုပ်ငန်းနှင့် ပတ်သက်ပြီး ရမန်ယူခဲ့ကြောင်း သိရသည်။

“အဓမ္မပြုကျင့်မှုမြောက်တယ်ဆိုတာက ထိုးသွင်းမှုဖြစ်မှ မြောက်တာကိုး။ အဲ့ဒီအဆင့်ထိမရောက်ဘူး ဆိုရင် တော့ လက်ရှိအမှုဖွင့်ထားတဲ့ ပုဒ်မ ၃၇၆/ ၅၁၁ ပေါ့။ မုဒိမ်းကျင့်ရန် ကြံစည်မှုနဲ့ အဲ့ဒါနဲ့ သွားမှာပေါ့။ စစ်ဆေး ပေါ်ပေါက်ချက်အရ ၃၇၆ ထဲလည်း ဝင်ရင် ဝင်သွားမှာပေါ့”ဟု အမှုအခြေအနေနှင့် ပတ်သက်ပြီး ဒုရဲမှူးကျော် မျိုးသိန်းက ပြောသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ဇွန်လ ၁၉ ရက်နေ့တွင် ရမန်ယူကာ ရဲလုပ်ငန်းများ၊ ဥပဒေ အကြံ တောင်း ခံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့် နှစ်ပတ်အတွင်း ကောလင်းမြို့နယ်တရားရုံးတွင် တရားစွဲတင်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly