မြောက်ပိုင်းမဟာမိတ်အဖွဲ့များကို တွေ့ဆုံရန် အစိုးရဘက်မှ ကမ်းလှမ်းထား

မြောက်ပိုင်းမဟာမိတ်အဖွဲ့များကို တွေ့ဆုံရန် အစိုးရဘက်မှ ကမ်းလှမ်းထား
ဓာတ်ပုံ-မင်းမင်း
 

ရန်ကုန် ၊ ဇွန် ၁၉ ။               ။ ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် တွေ့ဆုံရန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သော်လည်း အခြေအနေအသေးစိတ်ကို ပြောပြနိုင်သေးခြင်း မရှိကြောင်း ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူးအဖွဲ့ဝင် နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မဇ္ဈိမသို့အတည်ပြုပြောဆိုသည်။

"ညှိနှိုင်းနေတာတော့ရှိတယ်။ ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ လောလောဆယ်တော့ အသေးစိတ်ပြောဖို့ ခက်တယ်" ဟု ဦးဇော်ဌေးကဆိုသည်။

မြောက်ပိုင်းအဖွဲ့များအနေဖြင့် ၎င်းတို့ ဖွဲ့စည်းထားသည့် “ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ’’ အနေဖြင့် ခုနှစ်ဖွဲ့စလုံး တွေ့ဆုံနိုင်မှသာ ဆွေးနွေးမည် ဖြစ်သည်ဟု တရုတ်အထူးသံကိုယ်စားလှယ်ထံ  အကြောင်းကြားထားပြီး ဖြစ်သည်ဟု ပလောင်ပြည်နယ်လွတ်လပ်ရေးတပ်ဦး(PSLF/TNLA) အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ဆိုသည်။

"ခုနှစ်ဖွဲ့ကော်မတီအနေနဲ့ တွေ့ဆုံဆွေးနွေးချင်ပါတယ်ဆိုပြီး တရုတ်အထူးသံကိုအကြောင်းကြားထားတယ်။ အစိုးရဘက်က ကျွန်တော်တို့ ခုနှစ်ဖွဲ့ကို ကော်မတီအနေနဲ့ တွေ့နိုင်လား မတွေ့နိုင်လားဆိုတာတော့ မသိသေးဘူး"ဟု ၎င်းကပြောသည်။

ဝအဖွဲ့ (UWSA) ဦးဆောင်ပြီး ပလောင်အဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ မိုင်းလားအဖွဲ့(NDAA)၊ ကချင်အဖွဲ့( KIO)၊ ရှမ်းအဖွဲ့(SSPP) စသည့်အဖွဲ့များဖြင့် ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်တွင် "ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ" FPNCC ကိုဖွဲ့စည်းခဲ့သည်။

ယင်းခုနှစ်ဖွဲ့အနေဖြင့် ပြီးခဲ့သည့် မေလ ၂၄ ရက်က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ တရုတ်ကိုယ်စားလှယ်၏ ညှိနှိုင်းမှုဖြင့် တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly