One Championship

ပြည်မြို့နှင့် ပဲခူးမြို့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခမ်းအနားများပြုလုပ်မည်

.

ဇွန် ၁၈ ။        ။ ဇွန်လ ၁၉ ရက်တွင် ကျရောက်သည့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၂ နှစ်ပြည့် မွေးနေ့ အခမ်းအနားများကို ပဲခူးတိုင်း၊ ပြည်မြို့နှင့် ပဲခူးမြို့တို့တွင်  စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပရန် စီစဉ်နေကြောင်း သိရသည်။

ဇွန်လ ၁၉ ရက်၊ နံနက် ၆ နာရီတွင် သံဃာတော်များကို ပင့်ဖိတ် အာရုံဆွမ်းကပ်တရားနာခြင်း ၊ နံနက် ၈ နာရီတွင် မွေးနေ့အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးခြင်း များပြုလုပ်မည်ဖြစ်သည်။ ထို့ပြင် ပြည်မြို့၊ မူယာပင်ရပ်ကွက် ခေတ္တရာမြို့တော်ခန်းမတွင် ဓာတ်ပုံပြခန်းများဖွင့်လှစ်ခြင်း ၊ မွေးနေ့ အထိမ်းအမှတ် တီရှပ်များ ရောင်းချခြင်းများ ပြုလုပ်မည်ဖြစ်သည်။

ထို့နောက် ည ၇ နာရီ ၂၀မိနစ် တွင် မွေးနေ့ ကိတ်မုန့် လှီး၍ ရင်ခွင်ဦးတေးဂီတ အဖွဲ့က တေးသီချင်းများဖြင့် ဖျော်ဖြေမည်ဟုလည်း သိရသည်။ ပြည်မြို့၊ ရွှေဆံတော်ဘုရား၌ ည ၇ နာရီ အချိန်တွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ချို့က မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲပြုလုပ်ရန် စီစဉ်ထားသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ၏ အသက် ၇၂ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးမြို့၊ သာမဏေကျော်ဘုန်းတော်ကြီးကျောင်းတွင် သံဃာတော်များကို ဆွမ်းကပ်အလှူဒါန ပြုလုပ်ခြင်း ၊ ပဲခူး အကျဉ်းထောင် တွင် နံနက်စာအဟာရဒါနကျွေးခြင်းများ ပြုလုပ်မည်ဟုလည်း သိရသည်။

ပဲခူးအကျဉ်းထောင်မှ အကျဉ်းသား နှင့် ၀န်ထမ်း စုစုပေါင်းလူဦးရေ ၇၂၀ ကို နံနက်စာ ကြက်သား ဟင်း ၊ ပဲဟင်း ၊ ငပိကျော်ဗူး ၊ ကော်မီမစ်ထုတ်များ စေတနာ့ရှင်များစုပေါင်းလှူဒါန်းမှု ဖြင့် အာဟာရဒါနကျွေးမွေးမည်ဟု ကျွေးမွေးရေးအစီအစဉ်တွင်ပါဝင်သူ မြို့တွင်းကြီးရပ်ကွက် NLD ရပ်ကျေးအတွင်းရေးမှူး ကိုသက်က ပြောသည်။

“ပဲခူးအကျဉ်းထောင်ထဲကို လူအယောက် နှစ်ဆယ် ၀င်လှူဖို့ တင်ပြထားတယ်။ အဖွဲ့ချုပ်ကလည်း ဘုန်းကြီးကျောင်းမှာ လှူဖို့စီစဉ်ထားပါတယ်”ဟု ၄င်းက ဆိုသည်။