ပြည်တွင်းရှိ စာရင်းစစ်စနစ်များ နိုင်ငံတကာစံနှုန်းမီလာပါက ရင်းနှီးမြျုပ်နှံမှုများ ပိုမိုဝင်ရောက်လာမည်

ပြည်တွင်းရှိ စာရင်းစစ်စနစ်များ နိုင်ငံတကာစံနှုန်းမီလာပါက ရင်းနှီးမြျုပ်နှံမှုများ ပိုမိုဝင်ရောက်လာမည်

ရန်ကုန်၊ ဇွန် ၁၈ ။             ။ ပြည်တွင်းရှိ အစိုးရဌာနများနှင့် ကုမ္ပဏီများ၏  ဘဏ္ဍာရေးအစီရင်ခံစာများနှင့် စာရင်းရှင်းတမ်းများ နိုင်ငံတကာ စံနှုန်းမီလာပါက ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးအစီရင်ခံစာများနှင့် စာရင်းစစ်ဆေးခြင်းစံများသည် နိုင်ငံတကာစံများနှင့်တူညီလာကြောင်း ဇွန်လ ၁၆ ရက်နေ့က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏  မြန်မာနိုင်ငံ၏ စာရင်းစစ်ဆိုင်ရာ စံချိန်စံညွှန်းများ အပေါ်လေ့လာချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုသို့လုပ်ဆောင်လာခြင်းသည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုကိုတိုးမြှင့်ပေးနိုင်မည့် အဓိကအချက်တစ်ခု ဖြစ်ပြီး ဘက်ပေါင်းစုံပါဝင်သည့် အရင်းအနှီးဈေးကွက်တစ်ခုနှင့် ဘဏ္ဍာရေးကဏ္ဍ   ခေတ်မီဖွံ့ဖြိုးရေးအတွက်  အစိုးရ၏ အကောင်အထည်ဖော်မှုများကို အထောက်အကူဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

“ရလဒ်ကတော့ ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံသူတွေနဲ့ ငွေကြေးထောက်ပံ့သူတွေက ပိုမိုယုံကြည်လာပြီး ကုမ္ပဏီမှာလည်း ငွေအရင်းအမြစ်တွေ ပိုတိုးလာမယ်။အဲတော့စက်ပစ္စည်းကိရိယာနဲ့ ဝန်ထမ်းခေါ်ယူတဲ့နေရာမှာ ငွေပိုသုံးလာနိုင်မယ်”ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံ၏ စာရင်းအင်းကဏ္ဍနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာပါ အချို့အချက်များကို လုပ်ဆောင်ပြီးဖြစ်ကာ အခြားဆက်လုပ်ဆောင်ရမည့်ကိစ္စများအတွက်လည်း လိုအပ်ပါက ဥပဒေများပြဌာန်းမည်ဖြစ်ကြောင်း ပြည်ထောင်စုစာရင်း စစ်ချုပ် ဦးမော်သန်းက ရှင်းပြသည်။

“အချို့အချက်တွေကလုပ်ပြီးသွားပြီ။ အချို့အချက်တွေကလုပ်နေဆဲဖြစ်တယ်။ ဥပမာပြောရရင် လက်မှတ်ရ ပြည်သူ့စာရင်းကိုင်သင်တန်းတွေ ဝင်ပေါက်ချဲ့တယ်ဆိုတာ လုပ်ပြီးပြီ။အများကြီးချဲ့ပြီးပြီ ”ဟု ပြည်ထောင်စုစာရင်းစစ် ချုပ်က ပြောဆိုသည်။

ထို့ပြင် နိုင်ငံအတွင်း စာရင်းစစ်ဆေးနေမှုပုံစံကိုလည်း နိုင်ငံတကာ စာရင်းစစ်အစီရင်ခံစာ စံနှုန်း(IFRS)ကို တရားဝင်အတိုင်း လက်ခံကျင့်သုံးရန်မှာလည်း သဘောတူညီမှုရရှိပြီးဖြစ်ကာ လက်မှတ်ထိုးရမည့် အဆင့်လောက်သာ ကျန်ရှိတော့ကြောင်း မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးကျော်တင်က ပြောခဲ့သည်။

မြန်မာနိုင်ငံ၏ စာရင်းစစ်ဆိုင်ရာ စံချိန်စံညွှန်းများ အပေါ်လေ့လာချက် အစီရင်ခံစာကို  ၂၀၁၅ ခုနစ်တွင် ကမ္ဘာ့ဘဏ်က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဥပဒေမူဘောင်များကို အပြီးသတ်ဆောင်ရွက်ရန်နှင့် အရေးပါသည့် စီးပွားရေးကဏ္ဍ အားလုံး၏ဘဏ္ဍာရေးအစီရင်ခံစာများကို နိုင်ငံတကာစံနှုန်းအတိုင်း လုပ်ဆောင်ရန်အပြင် အခြားအကြံပြုချက်များကို ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly