အလွတ်တန်းဖူဆယ်ပြိုင်ပွဲမှ သက်တမ်းလိုက် ပဏာမ လက်ရွေးစင် ကစားသမား များရွေးချယ်မည်

အလွတ်တန်းဖူဆယ်ပြိုင်ပွဲမှ သက်တမ်းလိုက် ပဏာမ လက်ရွေးစင် ကစားသမား များရွေးချယ်မည်
၂၀၁၄ အာဆီယံဖူဆယ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအား တွေ့ရစဉ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ယခုနှစ် ၂၀၁၅ အလွတ်တန်း ဖူဆယ်ပြိုင်ပွဲမှ လက်ရွေးစင်အသင်းကြီး၊ ယူ-၂၃ အသင်း၊ ယူ-၁၉ အသင်း စသည့် သက်တမ်းလိုက် ပဏာမ လက်ရွေးစင် ကစားသမားများ ရွေးချယ်သွားမည် ဟု မြန်မာနိုင်ငံဖူဆယ်ကော်မတီဥက္ကဌ ဦးကြည်မင်းသိန်းက ပြောသည်။ အဆိုပါ အလွတ်တန်းဖူဆယ်ပြိုင်ပွဲကို သြဂုတ်လ ၅ ရက်မှ စက်တင်ဘာ ၁ ရက် အထိ သုဝဏ္ဏ မိုးလုံလေလုံအားကစားကွင်း (၁)  တွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး ကလပ်အသင်းပေါင်း ၅၀ ပါဝင်ယှဉ်ပြိုင်ကာ ငါးသင်းပတ်လည် အုပ်စု ၁၀ အုပ်စု ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

“ ဒီနှစ် ပြိုင်ပွဲအတွက် ဆုကြေးငွေနဲ့ ကုန်ကျစရိတ် စုစုပေါင်း သိန်း ၂၅၀ ဝန်းကျင်လောက်ရှိပါတယ်။ ဒီနှစ်မှာ တတိယ၊ စတုတ္ထဆုအပြင် အကောင်းဆုံး ဂိုးသမား၊ ကစားသမား၊ အသန့်ရှင်းဆုံးအသင်းတွေ ကိုပါ ဆုထပ်ချီးမြှင့်သွားမှာပါ။ အားလုံးက အဖွဲ့ချုပ်ရဲ့ ရံပုံငွေကနေပဲ သုံးထားတာပါ။ စပွန်ဆာ မရှိသေးပါဘူး။ ဒီပြိုင်ပွဲကနေ လက်ရွေးစင်အတွက်ရော ယူ ၂၃၊ ယူ-၁၉ စတဲ့ အသင်းတွေ အတွက်ပါ နည်းပြ အဖွဲ့တွေနဲ့ တိုင်ပင်ပြီးတော့ ပဏာမကစားသမားလေးတွေ ရွေးချယ်သွားမှာပါ။ အသင်း သုံးသင်းလုံးကိုတော့ နိုင်ငံတကာပြိုင်ပွဲတွေအတွက် ရည်ရွယ်ပြီး လေ့ကျင့်ပေးသွားမှာပါ။ ဖူဆယ်ဖလားပြီးရင်တော့ ဖူဆယ်လိဂ်ပြိုင်ပွဲနဲ့ သဲသောင်ပြင်ဘောလုံးပြိုင်ပွဲတွေကိုလည်း ကျင်းပနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ နိုင်ငံတကာပြိုင်ပွဲအနေနဲ့တော့ အာဆီယံဖူဆယ်ပြိုင်ပွဲ အောက်တိုဘာလထဲမှာ သွားပြိုင်ဖို့ရှိပါတယ် ” ဟု ဦးကြည်မင်းသိန်းက ပြောသည်။

၂၀၁၅ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလွတ်တန်း ဖူဆယ်ပြိုင်ပွဲတွင် ပထမဆု ကျပ်သိန်းသုံးဆယ်၊ ဒုတိယဆု ကျပ်သိန်းနှစ်ဆယ်၊ တတိယဆု ကျပ်ဆယ်သိန်း၊ စတုတ္ထဆု ကျပ်ငါးသိန်း နှင့် ပွဲစဉ်တလျောက် အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆုနှင့် အသန့်ရှင်းဆုံးအသင်းဆုများကိုလည်း ချီးမြှင့်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required