စင်ကာပူတွင် ခုန်ချအဆုံးစီရင်ခဲ့သော မြန်မာအိမ်အကူမိန်းကလေး ရုပ်အလောင်းအား မီးသဂြိုလ်မည်

စင်ကာပူတွင် ခုန်ချအဆုံးစီရင်ခဲ့သော မြန်မာအိမ်အကူမိန်းကလေး ရုပ်အလောင်းအား မီးသဂြိုလ်မည်
ဓာတ်ပုံ-မဇင်မာဦး ၏ သူငယ်ချင်း အင်ဒိုနီးရှားသူ ဖေ့ဘုတ်။
 

ရန်ကုန်၊ ဇွန်လ ၁၈ ။            ။ စင်ကာပူနိုင်ငံရှိ အထပ်မြင့် ကွန်ဒိုတိုက်ခန်း ၁၈ လွှာမှ အဆုံး စီရင်ခဲ့သော မြန်မာမိန်းကလေး မဇင်မာဦး၏ ရုပ်အလောင်းအား ယနေ့ ဇွန်လ ၁၈ ရက်၊ ည ၈ နာရီ၊ ၄၅ မိနစ် တွင် မီးသဂြိုလ်သွားမည်ဖြစ်ကြောင်း အလှူငွေကူညီကောက်ခံပေးနေသည့် စာရေးဆရာ ကိုဝေဟင်အောင်က မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

အဆိုပါ မိန်းကလေးငယ်၏ ရုပ်အလောင်းအား စင်ကာပူနိုင်ငံရှိ Mandai Crematorium Hall 1 တွင် ရေစက်ချ အမျှဝေကာ မီးသဂြိုလ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ မနေ့ကတော့ သူ့(မဇင်မာဦး) ရဲ့အဖေနဲ့ ဦးလေးတွေ စင်ကာပူနိုင်ငံကို ရောက်သွားတော့ စင်ကာပူ အစိုးရကနေပြီးတော့ အလောင်းကို မနက် ၁ဝ နာရီခွဲမှာ ထုတ်ပေးတယ်။ အလောင်းထုတ်ပေးပြီး   နောက်ပိုင်းမှာ ဒီနေ့မှာ မီးသဂြိုလ်မယ်လို့ ကျွန်တော်ကို စင်ကာပူနိုင်ငံမှာရှိတဲ့ ရခိုင်အဖွဲ့အစည်းကနေ အကြောင်းကြားပါတယ်”ဟု ကိုဝေဟင်အောင်က ပြောသည်။

ဇွန်လ ၁၂ ရက်နေ့၊ ညနေပိုင်းအချိန်က စင်္ကာပူနိုင်ငံရှိ ကွန်ဒိုတိုက်ခန်း ၁၈ လွှာမှ ခုန်ချ အဆုံးစီရင်ခဲ့သော  အသက် ၂၁ နှစ်အရွယ် မြိုတိုင်းရင်း သူ မဇင်မာဦးမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဂူတလုကျကျေးရွာတွင် နေထိုင်သူဖြစ်ပြီး စင်္ကာပူနိုင်ငံတွင် အိမ်အကူအဖြစ်လုပ်ကိုင်သည်မှာ ၁၁ လခန့်ရှိပြီ ဖြစ်သည်။ 

မဇင်မာဦး ၁၈ လွှာမှ ခုန်ချကာ အဆုံးစီရင်ခဲ့ပြီးနောက် ဗီဒီယိုဖိုင်များမှာ လူမှုကွန်ရက်စာမျက်နှာတွင် ဇွန်လ ၁၃ ရက် နံနက်ပိုင်းမှ စတင်ပျံ့နှံ့ခဲ့ခြင်းဖြစ်ပြီး ကွန်ဒိုတိုက်ခန်းမှ မခုန်ချမီ ကယ်ဆယ်ရန်ကြိုး စားနေသည့် ဗီဒီယိုဖိုင် များနှင့် ခုန်ချအဆုံးစီရင်သည့် ဗီဒီယိုဖိုင်များလည်း ပါရှိသည်။

အဆိုပါ ဗီဒီယိုဖိုင်များ လူမှုကွန်ရက်စာမျက်နှာတွင် တက်လာပြီးနောက် ရခိုင်ပြည်နယ်တွင် ရှိသည့် မဇင်မာဦး၏ ဖခင်ဖြစ်သူနှင့် ဦးလေးဖြစ်သူတို့က အိမ်နီးနားချင်း ချင်းလူမျိုး ခရစ်ယာန်ဆရာ ဦးဆောင်ကူညီမှုဖြင့် ရန်ကုန်မှ တစ်ဆင့် စင်ကာပူနိုင်ငံသို့ ဇွန်လ ၁၆ ရက်နေ့က လေကြောင်းလိုင်းဖြင့်လိုက်ပါသွားခြင်းဖြစ်သည်။

ယင်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး မဇင်မာဦးကို စင်္ကာပူသို့ ပို့ဆောင်ခဲ့သောပွဲစားများအား ပြည်ပ အလုပ်အကိုင် ဆိုင်ရာ ဥပဒေပုဒ်မ - ၂၆ ဖြင့် ကြည့်မြင်တိုင်မြို့နယ်ရဲစခန်းတွင် ဇွန်လ ၁၄ ရက်နေ့က အမှုဖွင့် ထားကြောင်း အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly