စီရော်နယ်ဒိုထွက်ခွာသွားမည်ကို ရီးယဲလ်အသင်း တားဆီးမည်မဟုတ်သော်လည်း ပေါင်သန်း ၃၅၀ စျေးသတ်မှတ်

စီရော်နယ်ဒိုထွက်ခွာသွားမည်ကို ရီးယဲလ်အသင်း တားဆီးမည်မဟုတ်သော်လည်း ပေါင်သန်း ၃၅၀ စျေးသတ်မှတ်

ဇွန် ၁၈၊ စပိန် ။            ။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရှင် စီရော်နယ်ဒိုအနေဖြင့် အသင်းမှထွက်ခွာသွားလိုလျှင် ရီးယဲလ်အသင်းက တားဆီးမည် မဟုတ်ကြောင်း သတင်းများထွက်ပေါ်လာသည်။ သို့သော် ရီးယဲလ်အသင်းက စီရော်နယ်ဒိုကို လိုချင်သော အသင်းများအနေဖြင့် ပေါင်သန်း ၃၅၀ ပေးချေမှ ရရှိမည်ဟု ရီးယဲလ်က ကြေညာသည်။

စီရော်နယ်ဒိုသည် ပြီးခဲ့သည့်ရာသီကမှ တစ်ပတ်လုပ်ခလစာငွေ ပေါင် ၃ သိန်းခွဲဖြင့် ရီးယဲလ်အသင်းနှင့် ငါးနှစ်စာချုပ်သစ် ချုပ်ဆိုထားသူ ဖြစ်သည်။ သို့သော် စပိန်အာဏာပိုင်များက စီရော်နယ်ဒိုကို အခွန်ရှောင်တိမ်းသည်ဟု စွပ်စွဲမှုများ ရှိလာခဲ့ပြီးနောက် ပေါ်တူဂီတိုက်စစ်မှူးမှာ စပိန်ကို စွန့်ခွာချင်နေပြီဟု သတင်းများထွက်ပေါ်လာခဲ့သည်။

ထိုသတင်းများနှင့်အပြိုင် စီရော်နယ်ဒို၏ အေးဂျင့် ဂျော့မန်ဒက်စ်မှာ ပီအက်စ်ဂျီအသင်းနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟုလည်း သတင်းများ ထွက်ခဲ့သည်။

စီရော်နယ်ဒိုနှင့်ပတ်သက်ပြီး မည်သို့သော သတင်းများထွက်ပေါ်နေစေကာမူ ယခု ရီးယဲလ်အသင်းက ချမှတ်လိုက်သည့် ပြောင်းရွှေ့ကြေးပမာဏမှာ စီရော်နယ်ဒိုကို စိတ်ဝင်စားနေသည့် ပီအက်စ်ဂျီနှင့် မန်ယူတို့အပါအဝင် ငွေအသုံးကြမ်းနေသည့် တရုတ်ကလပ်များပင်လျှင် လက်လံသွားရသည့် ပြောင်းရွှေ့ကြေးဖြစ်သည်။

ယခုအချိန်တွင် စီရော်နယ်ဒိုမှာ ရုရှားနိုင်ငံတွင် ပေါ်တူဂီအသင်းနှင့်အတူ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲ ဝင်နေသောကြောင့် ရီးယဲလ်အသင်းဘက်က ဖုန်းဖြင့်ပင်ဆက်သွယ်မှုပြုလုပ်မည်မဟုတ်ကြောင်းနှင့် ၂ ပတ်အချိန်ပေးမည်ဟု ဆိုသည်။ ထို့နောက်တွင်မှ ဥက္ကဋ္ဌ ပီရက်ဇ်၊ မန်နေးဂျင်းဒါရိုက်တာ ဆန်းချက်ဇ်နှင့် စီရော်နယ်ဒိုတို့ တွေ့ဆုံဆွေးနွေးကြမည်ဟု မာကာ သတင်းစာက ဖော်ပြခဲ့သည်။

ရည်ညွှန်း မာကာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly