ဘိုဂိုတာမြို့ရှိ စျေးဝယ်စင်တာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် ၃ ဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိ

ဘိုဂိုတာမြို့ရှိ စျေးဝယ်စင်တာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် ၃ ဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိ

ဘိုဂိုတာ (ကိုလမ်ဘီယာ) ဇွန် ၁၈ ။             ။ ကိုလံဘီယာနိုင်ငံ၏မြို့တော် ဘိုဂိုတာမြို့ရှိ တန်ဖိုးကြီးပစ္စည်းများရောင်းချရာ ဈေးဝယ်စင်တာ၌ စနေနေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့်   ပြင်သစ်အမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်း လူ၃ဦးခန့်သေဆုံးခဲ့ပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့တော်ဝန်ကပြောခဲ့သည်။

“ဆန်ထရိုအန်ဒီနို ဈေးဝယ်စင်တာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်သမားတွေရဲ့ သူရဲဘောကြောင်လှတဲ့ တိုက်ခိုက် မှုကြောင့် တကယ့်ကို စိတ်သောကရောက်ရပါတယ်” ဟု မြို့တော်ဝန် အင်းနရစ်ပန်နယ်လိုဆာက ပြောခဲ့ပြီး ပေါက်ကွဲမှု၏ နောက်ကွယ်မှအဓိက လက်သည်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ပြောဆိုခဲ့ ခြင်း မရှိကြောင်းသိရသည်။

သေဆုံးခဲ့သော ပြင်သစ်အမျိုးသမီးမှာ အသက် ၂၃နှစ်အရွယ်ခန့်ရှိကြောင်း သူကပြောခဲ့သည်။

အခြားသေဆုံးခဲ့သူနှစ်ဦးမှာ ၂၇နှစ်နှင့် ၃၁နှစ် အရွယ်ရှိသူများဖြစ်ကြောင်း မီးသတ်သမားများနှင့် ရဲတပ်ဖွဲ့မှ ပြောခဲ့ပြီး မည်သည့်လူမျိုးဆိုတာကို ပြောခဲ့ခြင်းမရှိကြောင်း သိရသည်။

သမ္မတဟွမ်မန်နျူရယ်ဆန်းတို့စ်က အဆိုပါ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချခဲ့ပြီး နိုင်ငံတော်ရဲတပ်ဖွဲ့ မှ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ဂျော်ဂျီနီယက်တိုအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အမိန့်ပေးခဲ့သည်။

ကိုလမ်ဘီယာမြို့တော်မှ တန်ဖိုးကြီးပစ္စည်းများရောင်းချရာ နေရာတွင်ရှိပြီး နိုင်ငံခြားသားများ လာရောက်လေ့ ရှိသော အဆိုပါဈေးဝယ်စင်တာ၌ အဖေများနေ့မတိုင်မီတွင် ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိနေပြီး ပေါက်ကွဲမှုကြောင့် စင်တာအတွင်းရှိ သန့်စင်ခန်းတစ်ခုလုံး ပေါက်ကွဲပျက်စီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required