ကျုးကျော်တွေထဲက ဖယ်ရှားခံလှည်းကူးကျုး

ကျုးကျော်တွေထဲက ဖယ်ရှားခံလှည်းကူးကျုး

ရန်ကုန်၊ ဇွန် ၁၇ ။           ။ လှည်းကူးမြို့နယ်ထဲက ကျောက်အိုင်ဆိုတဲ့ မြေနီလမ်းလေးထဲကိုဝင်လိုက်တာနဲ့ အိမ်သုံးပစ္စည်းတွေတင်ဆောင်ပြီး ပြောင်းရွေ့သွားလာနေတဲ့ ထရပ်ကားကြီး၊ ငယ်တွေကို မြင်တွေ့ရမှာပါ။ ကားငှားဖို့မတတ်နိုင်သူ တချို့ကတော့ တစ်နိုင်တစ်ပိုင် ပစ္စည်းလေးတွေကိုသယ်ဆောင်နေကြပြီး တချို့ကတော့ ဆိုင်ကယ်ကို အားကိုးအားထားပြုနေရတာပါ။

ဒီလမ်းလေးနဲ့ဆက်စပ်နေတဲ့ ရွာ ၅ ရွာရှိပြီး ပြီးခဲ့တဲ့ ဇွန်၁၂ရက်နေ့ မနက်ပိုင်းကပဲ ရွာတစ်ချို့ကို အစိုးရက ကျူးကျော်ဆိုပြီး စတင်ဖယ်ရှားလိုက်တာဖြစ်ပါတယ်။ လုံခြုံရေးအနေနဲ့ ရဲ (၂၀၀) ဝန်းကျင်နဲ့ စုဆောင်းခေါ်ယူထားတဲ့ လူတွေနဲ့ အိမ်တော်တော်များများကို တုတ်၊ဓား စတာတွေနဲ့ ဖျက်စီးခဲ့ကြပြီး တချို့အိမ်တွေကိုတော့ ကိုယ်တိုင်ဖျက်သိမ်းခိုင်းထားတာ ဖြစ်ပါတယ်။

ဖျက်သိမ်းခံရတဲ့ အိမ်တွေထဲမှာ လပိုင်းလောက်သာနေထိုင်တဲ့ သက်တမ်းရှိတဲ့သူတွေလည်း ပါဝင်နေပါတယ်။ တချို့ကတော့ ဒီမှာနေထိုင်လာတာ အနှစ်နှစ်ဆယ်လောက် ကြာခဲ့ပါပြီ။ ဒီထဲကမှ မွန်းတည့်နေကို အန်တုရင်း ပြောင်းရွေ့ဖို့ပြင်ဆင်နေတဲ့  အသက်၆၄နှစ်အရွယ် စိုက်ကွင်းအလုပ်သမားဟောင်းကြီး ဦးစံရင် ကတော့ ဖျက်ဆီးခံထားရတဲ့ ပစ္စည်းပုံထဲက သူရဲ့ပစ္စည်းတွေကို ရှင်းလင်းနေပါတယ်။

"အဘတို့ဒီမှာနေတာဆိုရင် ၉၃ လောက်ကတော့ ရှိပြီ ။ ရွာကထွက်ကတည်းက အဲ့တုန်းက တောပြုန်းကြီး အဘတို့ရောက်ခါစကဆိုရင် တောတွေကို ထင်းခြမ်းလေးတွေခွဲပြီးတော့ လက်စည်းထင်းလေးတွေလုပ်ရောင်းရတယ် တစ်စည်းမှပြား(၅၀)ပဲရတယ် ။ အဲဒီလိုတွေလုပ်ကိုင်စားလာခဲ့တာ အဲဒီကနေပြီးတော့ ခြုံတွေခုတ် ငုတ်တွေဖော်ပြီးတော့မှ ဒီစိုက်ခင်းပေါ်လာတယ် ။ စိုက်ကွင်းမှုးတွေနဲ့လက်တွဲပြီးတော့ စိုက်ကွင်းထဲမှာပဲ။ လုပ်ကိုင်စားနေတဲ့သူတွေ အဘရဲ့ စိုက်ကွင်းမှူးဆိုရင် အောင်ငွေတိုး ။ သူက အခု မော်လမြိုင်ပြောင်းသွားပြီ ။ အဘရှေ့က သူက စိုက်ကွင်းမှူး ။ အဘက သူ့နောက်ကလယ်ဦးစီး ။ သူကိုင်တဲ့ကွင်းကိုအဘကိုင်ရတာ အဘလုပ်ရတာ" လို့ စိုက်ကွင်းအလုပ်သမားဟောင်းကြီး ဦးစံရင်က ပြောပါတယ်။

သူ (၂၄) နှစ်လောက် နေထိုင်လာတဲ့မြေဟာ အစိုးရပိုင်မြေဖြစ်နေတာကြောင့် ကျူးကျော်လို့သတ်မှတ်ခံရတာမှန်ပေမယ့် ဒီနေရာမှာစိုက်ပျိုးရေးပြုလုပ်တုန်းကတော့ စိုက်ကွင်းအလုပ်သမားတစ်ဦးအဖြစ် နေထိုင်နေတာပါ။ အရင်က ဦးစံရင်လုပ်ကိုင်ခဲ့တဲ့ လယ်ကွင်းထဲမှာပဲ ပြီးခဲ့တဲ့လတွေတည်းကတည်းကစပြီး လူတစ်ချို့လာပြီးကြည့်ရှု့တာနဲ့ အိမ်လာဆောက်တာတွေ ရှိတာကို တွေ့ရတယ်လို့ဆိုပါတယ်။

"အခုဒီကျူးတွေဆိုတာ အဝေးကလာပြီးတော့ကျူးကြတာလား၊ နေစရာမရှိလို့လာကျူးတာလား၊ ရှိရဲ့သားနဲ့လာကျူးတာလား၊ စီးပွားရေးလုပ်စားကြတာလားတော့ အဘတို့မသိဘူး အဘတို့ကတော့တကယ် ရိုးရိုးသားသားနဲ့စိုက်ကွင်းအလုပ်သမားဟောင်းတွေပဲ" လို့ ပြောပါတယ်။

စီးပွားဖြစ်ကျုးကျော်သူတွေကို ဥပဒေအရအရေးယူသွားမယ်လို့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်း က ဧပြီလ ၅ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အခုဖျက်ဆီးခံရတဲ့ လှည်းကူးမြို့နယ်က ကျုးကျော်အိမ်တွေထဲမှာတော့ စိုက်ကွင်းအလုပ်သမားဟောင်း ဦးစံရင်လိုမျိုး နှစ်ပေါင်းများစွာနေထိုင်လာတဲ့သူတွေလည်း ပါဝင်နေပါတယ်။ မြို့ပြနှင့်အိုးအိမ်ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးဦးယုခိုင်ကတော့ နိုင်ငံတော်ပိုင်မြေဖြစ်တာကြောင့် နှစ်ဘယ်လောက်ကြာကြာ တရားဝင်နေထိုင်ခွင့်မရှိပဲ ကျူးအဖြစ်သာ သတ်မှတ်တယ်လို့ ဆိုပါတယ်။

"နဂိုကတည်းက ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားချက်မှာပါပြီးသား ဒါဟာစီးပွားဖြစ်ကျူးတာဖြစ်လို့ ဘာခံစားခွင့်မှ မပေးဘူး"

ဒီ ၁၄၅၉.၇ ဧကထဲမှာရှိတဲ့ အိမ်ခြေမှန်သမျှကို စီးပွားဖြစ်ကျုးအဖြစ် သတ်မှတ်ထားပြီး စမတ်ကတ်လို ခံစားခွင့်မပေးဘူးလို့ ဆိုပါတယ်။ စမတ်ကတ်ဆိုတာဟာ အမှန်တကယ်နေထိုင်ရန်နေရာအခက်အခဲရှိသူတွေကို မှတ်ပုံတင်လို ထုတ်ပေးပြီး အစိုးရက နေရာတစ်ခုခုစီစဉ်ပေးသွားမယ့် အရာဖြစ်ပါတယ်။

ဒါနဲ့ပတ်သတ်ပြီး လှည်းကူးမှာ ကျုးကျော်လို့သတ်မှတ်ဖယ်ရှားခံထားရတဲ့ ဦးစံရင်ကတော့ အစိုးရအနေနဲ့ တစ်ခုခု လုပ်ဆောင်ပေးစေချင်နေပါတယ်။

"စိုက်ကွင်းရဲ့အလုပ်သမား၊ မွေးထားတဲ့လူတွေလိုဖြစ်နေတာ ဒါပေမယ့် ဒီနေ့လာပြီး စိုက်ကွင်းမှူးတွေက မတ်တပ်ရပ်မပေးဘူး နိုင်ငံကလုပ်တာဆိုတော့ သူတို့ကလည်းဝင်လုပ်ပေးလို့မရဘူးဆိုတာ အဘတို့သိပါတယ် ။ ဒါပေမယ့် နိုင်ငံကခေါင်းဆောင်တွေအကြီးအကဲတွေက အဘတို့ကို ငှဲ့ညှာမှ ခံစားခွင့်လေးရမှာပေါ့ကွာ ။ မပေးတော့လည်းဒီတိုင်းပဲ အမိမဲ့အဖမဲ့သားသမီးတွေလို ဖြစ်တာပေါ့ကွာ"လို့ ဆိုပါတယ်။

လက်ရှိမှာ လှည်းကူးမြို့နယ်က ဖယ်ရှားလိုက်တဲ့နေရာတွေမှာ စီမံကိန်းအတွက် ဂေါ်ကားကြီးနှစ်စီးနဲ့ မြေပြင်ရှင်းလင်းရေးလုပ်ဆောင်နေပါပြီ။ ဖယ်ရှားတဲ့လုပ်ငန်းစဉ်ကလည်း ၅၀ရာခိုင်းနှုန်းပြီးနေပြီလို့ အိုးအိမ်မှ ညွှန်ကြားရေးမှူးဦးယုခိုင်က ဆိုပါတယ်။ ဖယ်ရှားလိုက်တဲ့နေရာတွေကို နိုင်ငံတော်စီမံကိန်းတစ်ခုဖော်ဆောင်ဖို့အတွက် အသုံးပြုမှာဖြစ်ပါတယ်။ အဲဒီစီမံကိန်းမှာတော့ စားသောက်ဆိုင်ခန်း၊လူနေအိမ်ရာတွေနဲ့ ဆေးရုံတွေပါဝင်မှာပါ။

ကျူးကျော်တွေနဲ့ပတ်သတ်ပြီး စာရင်းကောက်ခံဖို့ကို စာရင်းကောက်အဖွဲ့တွေ၊ နည်းပညာရှင်တွေ၊ World Vision အပါဝင်၊ NGO အဖွဲ့တွေနဲ့ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးဖွံဖြိုးရေးသုတေသန စီမံကိန်းအနေနဲ့ ၂၀၁၆ စက်တင်ဘာလက စတင်ကောက်ခံနေတာပါ။ ကျုးကျော်စာရင်းကောက်ခံရရှိတဲ့စာရင်းတွေအရ ဒဂုံမြို့သစ်တောင်ပိုင်းမှာ အိမ်ထောင်စု၅သောင်းကျော်ရှိနေပြီး (၁၃)မြို့နယ်စလုံး ကျုးကျော်အိမ်ထောင်စု ပေါင်း ၄သိန်းလောက်ရှိနေပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly