အပစ်ရပ် အဖွဲ့များ၏ ဆက်ဆံရေးရုံးများတွင် အခက်အခဲများ ဖြေရှင်းနိုင်ရေးအတွက် ဆွေးနွေး

အပစ်ရပ် အဖွဲ့များ၏ ဆက်ဆံရေးရုံးများတွင် အခက်အခဲများ ဖြေရှင်းနိုင်ရေးအတွက် ဆွေးနွေး

ဇွန်လ ၁၆ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။            ။ ယခင်အစိုးရနှင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေး (Bilateral Agreement) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အပါအဝင် ၁၁ ဖွဲ့၏ ဆက်ဆံရေးရုံးများ လုပ်ငန်း တာဝန်များ ပိုမို အကောင်အထည် ဖော်နိုင်ရန်အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇွန်လ ၁၇ ရက်နေ့က အစည်းအဝေး စတင်ကျင်းပနေသည်။

အစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ ထိပ်သီးခေါင်းဆောင်များနှင့် NCA မထိုးသေးသော မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP)တို့မှ ဆက်ဆံရေးရုံး တာဝန်ခံများ တက်ရောက်ဆွေးနွေးခြင်း ဖြစ်သည်။

အစည်းအဝေးကို ဥရောပ မြန်မာရုံး (EBO)မှ ကမကထ ပြုလုပ်၍ “ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ဆက်ဆံရေးရုံး များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး”ခေါင်းစဉ်ဖြင့် ကျင်းပနေခြင်း ဖြစ်သည်။

ယခင်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်ရပ် လက်မှတ်ရေးထိုးပြီးနောက် ဆက်ဆံရေးရုံးများ ထူထောင်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ထိန်းသိန်းရန်၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ဦးတည်သည့် လုပ်ငန်းများ၊ အရပ်သားပြည်သူ လူထုကို ကာကွယ်ရန်၊ ကူညီရန်၊ မိမိ၏ ဘာသာစကားများကို ပြန်လည် မြှင့်တင်ရန် စသည့် အချက်များ အပါအဝင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ် ရေးထိုးခဲ့သည့် စာချုပ် ပိုမိုခိုင်မာလာရန် ဆွေးနွေးညှိနှိုင်းခြင်း ဖြစ်သည်ဟု EBO မှ စီမံခန့်ခွဲရေးမှူး ဒေါက်ရိုက်တာ ဦးဗစ်တာဗျက်လျန်က မဇ္ဈိမကို ပြောသည်။

“ဆက်ဆံရေးရုံးတွေက အခုဆိုရင် ၆ နှစ်ရှိပြီ။ ပြတ်သားရှင်းလင်းတဲ့ TORဆိုတဲ့ (ဆက်ဆံရေးရုံးလုပ်ငန်းနဲ့ တာဝန်) အဲဒီလို မရှိတဲ့အပေါ်မှာ တကယ်တန်း အလုပ်လုပ်တဲ့နေရာမှာ အခက်အခဲတွေ အများကြီးရှိတယ်။ ဘယ်လိုဟာမျိုးလဲဆိုလို့ရှိရင် ဥပမာ တချို့နေရာမှာ အလုပ်ရုံဆွေးနွေးပွဲလုပ်ချင်တယ်။ ပေးလုပ်တယ်။ တချို့နေရာမှာ လုပ်လို့ မရဘူး။ ရှင်းရှင်းလင်းလင်း မဖြစ်တဲ့ အခါကြတော့ နေရာတနေရာနဲ့ တနေရာ အခက်အခဲကမတူဘူး။ ပြီးတော့ ပြီးခဲ့တဲ့ အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ဆက်ဆံရေးတွေနဲ့ အခုအစိုးရတက်လာတော့ မတူတော့ဘူး။ တပ်ဘက်က ဆက်တံရေးလည်း မတူတော့ဘူး။ အဲဒီလို အပြောင်းအလဲ အပေါ်မှာလည်း သူတို့မှာ စိန်ခေါ်မှု အခက်အခဲတွေ ရှိလာတယ်။ ဒါတွေကို ရေရှည်မှာ ဆက်ပြီးတော့ နိုင်ငံရေး ဖြစ်စဉ်မှာပါဝင်ဖို့၊ အပစ်အခတ် ရပ်စဲရေးအားကောင်းဖို့၊ တပ်နဲ့ တပ်ကြားမှာ ယုံကြည်မှု ကောင်းမွန်လာအောင် အစရှိတဲ့ လုပ်ငန်းနဲ့ တာဝန်ဆိုတာ သေချာသတ်မှတ်ပြီး အလားတူ အခက်အခဲများ မရှိရလေအောင်ပါ”ဟု သူက မဇ္ဈိမကို ပြောသည်။

လက်ရှိ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ချုပ်ဆိုထားသာ NCA အကောင်အထည် ဖော်လုပ်ငန်းစဉ်များ၊ ကြားကာလ အစီအစဉ် အကောင်အထည်ဖော်ရေး လုပ်ငန်းများကို လက်ရှိ ဆက်ဆံရေးရုံးများမှတဆင့် လုပ်ဆောင်သွားရန်အတွက် လုပ်ငန်းချောမောဖြစ်စေရန်အတွက် လုပ်ငန်းညှိနှိုင်းကြခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“အခက်အခဲတွေ နည်းပါးအောင် လျော့ချအောင်၊ မရှိအောင်ပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထိရောက်စွာ ပါဝင်နိုင်တဲ့ အခန်းကဏ္ဍ၊ လွတ်လွတ်လပ်လပ် ပြည်သူလူထုနဲ့ ဆွေးနွေးပြီးတော့ နိုင်ငံရေးရည် မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာဆွေးနွေးပွဲ အလုပ်ရုံဆွေးနွေးပွဲ။ ဖက်ဒရယ်သင်တန်းလေးတွေ၊ အခုဆိုရင် နိင်ငံရေးဆွေးနွေးပွဲ ဆိုတာတွေ အများကြီး လုပ်စရာ ရှိတယ်။ ဒါတွေအပေါ်မှာ ကန့်သတ်ချက်တွေ များနေလို့ မရတော့ဘူး။ တဖက်ကလည်း ချုပ်ဆိုထားတဲ့ အပစ်အခတ်ရပ်စဲရေးကို အားကောင်းအောင်၊ ခိုင်မာလာအောင် ၊ အဲဒီလို လုပ်ခြင်းအားဖြင့် အပြန်အလန် ယုံကြည်မှု တည်ဆောက်နိုင်အောင် ဒါတွေကို ဆက်ဆံရေးရုံးက ခေါင်းဆောင်တွေကိုယ်တိုင်၊ ထိပ်သီးခေါင်းဆောင်တွေ ဆွေးနွေးနေတာဖြစ်တယ်”ဟု က ဆက်ပြောသည်။

ဇွန်လ ၁၇ ရက်မှ ၁၈ ရက်ထိ နှစ်ရက်ကြာ ကျင်းပမည့် အစည်းအဝေးတွင် ယနေ့ ပထမနေ့အစည်းအဝေး၌ အဓိကအားဖြင့် ဆက်ဆံရေးရုံးမှ သက်ဆိုင်ရာ အာဏာပိုင်များထံသို့ ဆက်သွယ်ရမည့် တိကျသည့် အဆက်အသွယ် မရှိခြင်း၊ ဆက်ဆံရေးရုံးတွင် လုပ်ငန်းအကောင်အထည်ဖော်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲ၊ စစ်ရေးအရ စိန်ခေါ်မှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ ကဏ္ဍာရေးဆိုင်ရာ အခက်အခဲများ၊ တချို့ဒေသများတွင် နိုင်ငံတကာ အဖွဲ့အစည်းများမှ လူသားချင်းစာနာထောက်ထားမှု ပံ့ပိုးမှုတွင် အခက်အခဲများကို တစ်ဖွဲ့ချင်း တင်ပြဆွေးနွေးခဲ့သည်ဟု သူက ပြောသည်။

ယခင်အစိုးရ လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဆက်ဆံရေးရုံးမှတဆင့် မြန်မာ့ငြိမ်းချမ်းရေး စင်တာ (MPC)သို့ တိုက်ရိုက် တင်ပြခဲ့သော်လည်း ယခု အစိုးရလက်ထက်တွင် ဆက်သွယ်ရေးကွာဟမှုတွင် ရှိနေမှုအပေါ် ဖြေရှင်းနိုင်ရန် ညှိနှိုင်းဆွေးနွေးကြမည် ဖြစ်ကြောင်း သူက ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း Bilateral Agreement လက်မှတ်ရေးထိုးပြီးနောက် ဆက်ဆံရေးရံးများ ဖွင့်လှစ်ထားသော်လည်း လုပ်ငန်းအကောင်အထည် ဖော်ရာတွင် စိန်ခေါ်မှုများ၊ အခက်အခဲများနှင့် ရင်ဆိုင်နေရသဖြင့် ယခု အစည်းအဝေးမှ ဆက်ဆံရေးရုံးများမှ လုပ်တာဝန်များ ကောင်းမွန်လာစေရန် အပြန်အလှန်ဆွေးနွေးနိုင်လိမ့်မည်ဟု မျော်လင့်ကြောင်း KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယခုအစည်းအဝေးမှ ရရှိလာသော သဘောထားများကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)တွင် တင်ပြေဆွေးနွေး၍ NCA အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်း အစည်းအဝေး (JICM)သို့ ဆက်လက် ဆွေးနွေး အတည်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့အစည်းအဝေးတွင် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များ၊ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် Bilateral Agreement လက်မှတ်ရေးထိုးထားသေ်ာလည်း NCA မထိုးသေးသည့် NMSP၊ KNPP ၊ SSPPတို့မှ ဆက်ဆံရေးရုံး တာဝန်ခံများလည်း တက်ရောက်ဆွေးနွေးနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly