အစ္စရေးတွင် ပထမဆုံးသော အကြမ်းဖက်တိုက်ခိုက်မှုလုပ်ခဲ့ကြောင်း အိုင်အက်စ် ထုတ်ဖော်

အစ္စရေးတွင် ပထမဆုံးသော အကြမ်းဖက်တိုက်ခိုက်မှုလုပ်ခဲ့ကြောင်း အိုင်အက်စ် ထုတ်ဖော်

ဇွန် ၁၇ ။               ။ အစ္စရေးတွင် ဇွန်လ ၁၆ ရက်က လူသုံးဦး၏ တိုက်ခိုက်မှုကြောင့် ရဲတစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပြီး ယခုအခါ ယင်းတိုက်ခိုက်မှုမှာ မိမိတို့၏အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း အစ္စလမ္မစ်နိုင်ငံတော်အကြမ်းဖက်အဖွဲ့ အိုင်အက်စ် တို့က ထုတ်ဖော်ပြောကြားသည်။

ဂျေရုဆလင်တွင် တာဝန်ထမ်းဆောင်နေသော ရဲမေတစ်ဦးကို ပါလက်စတိုင်း သုံးဦးက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးတို့က ထုတ်ဖော်ထားသော်လည်း ယင်းလုပ်ရပ်ကို မိမိတို့ တပ်ဖွဲ့ဝင်သုံးဦးက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အိုင်အက်စ်တို့က အွန်လိုင်းမှတဆင့် ထုတ်ပြန်ခဲ့သည်။

ယင်းတိုက်ခိုက်မှုဖြစ်စဉ်တွင် အစ္စရေးရဲမေ သေဆုံးခဲ့ပြီး တိုက်ခိုက်သူသုံးဦးသည်လည်း ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။ ယင်းအပြင် ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့သည်။

ယင်းနေ့က မွတ်ဆလင်ဥပုသ်လ ပွဲတစ်ခုအတွက် လူအများစုဝေးသည့်နေရာတစ်ခုသို့ အဆိုပါ တိုက်ခိုက်သူသုံးဦးက လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ အစ္စရေးရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်ခဲ့ပြီး အခြားတစ်ဦးက ရဲမေကို ဓားဖြင့်ဝင်ထိုးသွားခဲ့ခြင်းဖြစ်သည်။

ယခုဖြစ်စဉ်မှာ မိမိတို့တပ်သားသုံးဦးက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း နှင့် နောက်ထပ်လည်း တိုက်ခိုက်မှုများ ထပ်လုပ်သွားဦးမည်ဖြစ်ကြောင်း အိုင်အက်စ်တို့က ပြောသွားသည်။

ယခုကိစ္စတွင် အိုင်အက်စ်တို့အနေဖြင့် အစ္စရေးတွင် တိုက်ခိုက်မှုကျူးလွန်ကြောင့် ပထမဆုံးအကြိမ် ထုတ်ဖော်သွားခြင်းလည်း ဖြစ်သည်။

သို့ရာတွင် ထိုကဲ့သို့ အိုင်အက်စ်အဖွဲ့၏ ထုတ်ပြန်ချက်ကို လက်မခံနိုင်ကြောင်း ပါလက်စတိုင်း စစ်သွေးကြွဂိုဏ်းခွဲများက ပြောကြားခဲ့သေးကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required