ဧရာဝတီတိုင်းအောင်ချက်၂၇ ဒသမ ၄၆ ရာနှုန်းရှိကာ ကြံခင်းမြို့နယ်အများဆုံးဖြစ်

ဧရာဝတီတိုင်းအောင်ချက်၂၇ ဒသမ ၄၆ ရာနှုန်းရှိကာ ကြံခင်းမြို့နယ်အများဆုံးဖြစ်

ပုသိမ်၊ ဇွန် ၁၇ ။              ။ ဧရာဝတီတိုင်းဒေသကြီး တက္ကသိုလ်ဝင်တန်းအောင်ချက် ၂၇ ဒသမ ၄၆ ရာနှုန်းရှိပြီး ကြံခင်းမြို့နယ်တွင် အများဆုံးဖြစ်၍ တစ်နိုင်ငံလုံးစာစစ်ဌာန ၁၉ ခုတွင် အဆင့်၁၅ ရှိကြောင်း တိုင်းပညာရေးမှူးရုံးက ညွန်ကြားရေးမှူးဦးဝင်းမောင်က ၂၀၁၆-၁၇ ပညာသင်နှစ် တိုင်းအောင်ချက်အား မဇ္ဈိမသို့ ပြောသည်။

"ဧရာဝတီတိုင်းအနေနဲ့ တက်လိုက်ကျလိုက် ပုံမှန်ရှိပါတယ်။ ဟိုနှစ်က အောင်ချက် ထိပ်ပိုင်းလောက်ကိုရောက်သွားပြီး၊မနှစ်က အောင်ချက်က ကျသွားပြီ၊ ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံး တိုးတက်မြင့်မားအောင် တော်တော်ကြိုးစားရတာပေါ့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုတဲ့ ဦးရေတော်တော်များလာတဲ့ နှစ်တိုင်းက ၆၄၀၀၀၊ ၆၅၀၀၀ ပုံမှန်ပဲ ။ မနှစ်က ၈၈၀၀၀ အထိ ဖြေဆိုဦးရေများလာတဲ့အခါ အောင်ချက်မြင့်မားအောင် ကြိုးစားဆောင်ရွက်တဲ့ အခါမှာ လိုအပ်ချက်တွေ အများကြီးရှိတာပေါ့ ။ ဆရာ၊ဆရာမ အဆောက်အဦ ပရိဘောဂ စသည့် အခက်အခဲတွေကို မနှစ်က နှစ်အစ ဆောင်ရွက်ခဲ့တာပေါ့” ဟု တိုင်းပညာရေးမှူးရုံးမှ ညွန်ကြားရေးမှူးဦးဝင်းမောင်က မဇ္ဈိမသို့ ပြောသည်။

၂၀၁၅-၁၆ပညာသင်နှစ် တက္ကသိုလ်ဝင် အောင်ချက်ရာနှုန်း ၁၇ ဒသမ ၆ ရှိပြီး ဒီနှစ် ၂၇ ဒသမ ၄၆ ဖြစ်ပြီး၊ဧရာဝတီတိုင်းဒေသကြီး အတွင်း၂၀၁၅-၁၆ပညာသင်နှစ်တွင် ဘာသာစုံဂုဏ်ထူး ၃၇ယောက်ရှိပြီး၊ယခုနှစ်တွင် ဘာသာစုံဂုဏ်ထူး ၅၆ ယောက်ရရှိခဲ့ပြီး ငါးဘာသာ ၊ လေးဘာသာ ဂုဏ်ထူးရရှိမှု တိုးလာခဲ့သည်။

ဧရာဝတီတိုင်း တစ်တိုင်းလုံးအနက် အောင်ချက်အများဆုံးမြို့နယ်မှာ ကြံခင်းမြို့နယ် ဖြစ်ပြီး၊အထက်တန်းကျောင်းတွင် ပုသိမ်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်ကျောင်းက အောင်ချက် အကောင်းဆုံး   ကျောင်းဖြစ်ပြီး ၆၆ ဒသမ ၁၈ရာနှုန်း၊အထက်တန်းကျောင်းခွဲတွင် အင်္ဂပူမြို့နယ်၊နံကပ်ကြီးကျောင်းက ၆၄ ဒသမ ၅၂ရာနှုန်းနှင့် ကိုယ်ပိုင်ကျောင်းမှာ ကျုံပျော်မြို့နယ် ယောနသံကျောင်းက ၆၉ ဒသမ ၃၅ရာနှုန်း ရှိကြောင်း သိရသည်။

ဖြေဆိုသူ ကျောင်းသားကျောင်းသူ ၈၁၅၇၈ယောက် အနက် အောင်မြင်သူ ၂၂၄၀၀ ယောက် ဖြစ်ကြောင်းသိရှိရသည်။ ဧရာဝတီတိုင်းအနေဖြင့် တစ်နိုင်ငံလုံး စာစစ်ဌာန ၁၉ ခုတွင် အဆင့်၁၅တွင် ရှိနေသည်။

“ကြိုးစားတဲ့အပေါ်မှာ အတိုင်းအတာ တစ်ခုအထိတော့ အောင်မြင်မှုရတဲ့အပေါ်မှာ ဝမ်းမြောက်ဝမ်းသာလည်းဖြစ်တဲ့ ကျေလည်းကျေနပ်တဲ့၊အဲဒီလို ဖြစ်အောင် ဆောင်ရွက်ခဲ့တာလည်း အဓိက   ကျောင်းအုပ်ကြီးနဲ့ဆရာဆရာမတွေက အဓိကပါပဲ။ သူတို့ လုပ်အား ကြိုးစားပြီးဆောင်ရွက်တာ ဆရာတို့က လိုတာတွေပံ့ပိုးပေးပြီး ညှိနှိုင်းပေါင်းစပ်ပေးတဲ့ အနေအထားမျိုးပါပဲ။ တက္ကသိုလ်ဝင်တန်း တစ်ခုတည်း မဟုတ်ပါဘူး။ အတန်းတိုင်း၊ အတန်းတိုင်း အတန်းအဆင့် ၊ အဆင့်တိုင်း ပညာအရည် အသွေးတိုးတက်ကောင်းမွန်အောင် လိုတယ်လို့ ပြောချင်ပါတယ် ”ဟု တိုင်းပညာရေးမှူးရုံးမှ ညွန်ကြားရေးမှူးဦးဝင်းမောင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly