ယာနူဇက်ကို စိတ်ဝင်စားနေသည်ဟု ဆိုစီဒက်အသင်း အတည်ပြု

ယာနူဇက်ကို စိတ်ဝင်စားနေသည်ဟု ဆိုစီဒက်အသင်း အတည်ပြု

ဇွန် ၁၇၊ ဆိုစီဒက်။          ။ မန်ယူတောင်ပံကစားသမား ယာနူဇက်ကိုစိတ်ဝင်စားနေသည်ဟု ရီးယဲလ်ဆိုစီဒက်အသင်းက အတည်ပြုလိုက်သည်။

ဘယ်လ်ဂျီယံကစားသမားကို စိတ်ဝင်စားနေသော်လည်း အင်္ဂလိပ်ကလပ်၏ဆုံးဖြတ်ချက်အပေါ်တွင်သာမူတည်နေသည်ဟု လာလီဂါကလပ် ဆိုစီဒက်အသင်းဥက္ကဋ္ဌ အက်ပါရီဘေးက ပြောသည်။

အသက် ၂၂ နှစ်အရွယ်ကစားသမားသည် ယူနိုက်တက်စီနီယာအသင်းသို့ ၂၀၁၃-၁၄ ရာသီကတည်းက ရောက်ရှိခဲ့သော်လည်း ပုံမှန်ပွဲထွက်ခွင့်ရရန် ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့ပေ။

ဒေါ့မွန်နှင့် ဆန်းဒါးလန်းအသင်းတို့တွင် အငှားထွက်ကစားပြီးနောက် အသင်းအပြီးပြောင်းခြင်းမှာ ကစားသမားအတွက် ပိုကောင်း ဖွယ်ရှိနေသည်။

တောင်ပံကစားသမားယာနူဇက်ကို ဆဲလ်တစ်အသင်းကလည်း စိတ်ဝင်စားနေသည်။ “ယာနူဇက်ကို ကျွန်တော်တို့စိတ်ဝင်စားနေ တာမှန်ပါတယ်။ ဒါပေမဲ့ မန်ချက်စတာနဲ့ရော ကစားသမားဖြစ်သူနဲ့ရော မပြောရသေးပါဘူး။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဆုံးဖြတ်ချက်ကိုစောင့်နေပြီး နောက်မှ ကျွန်တော်တို့စလှုပ်ရှားမှာပါ။ သူ့ကိုစိတ်ဝင်စားနေတဲ့ အသင်းတွေလည်းရှိနေလို့ သူ့ကိုစာချုပ်ဖို့ကိစ္စက မလွယ်လောက်ပါဘူး”ဟု အက်ပါရီဘေးက ပြောသည်။

စပိန်သတင်းစာ မာကာကမူ ယူနိုက်တက်သည် ယာနူဇက်ကို ပေါင် ၈ ဒသမ ၈ သန်းရပါက လက်လွှတ်ဖွယ်ရှိသည်ဟု ဖော်ပြထားသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required