၁၈ လွှာမှ ခုန်ချ အဆုံးစီရင်ခဲ့သော မြန်မာအိမ်အကူမိန်းကလေး၏ အဘိုးအဘွားအား ကူညီရန် အလှူ ငွေ ကျပ်သိန်း ၁ဝဝ ကျော်ရရှိ

၁၈ လွှာမှ ခုန်ချ အဆုံးစီရင်ခဲ့သော မြန်မာအိမ်အကူမိန်းကလေး၏ အဘိုးအဘွားအား ကူညီရန် အလှူ ငွေ ကျပ်သိန်း ၁ဝဝ ကျော်ရရှိ
စာရေးဆရာ ကိုဝေဟင်အောင်မှ မဇင်မာဦး၏ အဖိုးနှင့်အဖွားအား ဇွန်လ ၁၅ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့စဉ်။ ဓာတ်ပုံ - စလုံးအဖွဲ့
 

ရန်ကုန်၊ ဇွန်လ ၁၇ ။              ။ စင်ကာပူနိုင်ငံရှိ အထပ်မြင့် ကွန်ဒိုတိုက်ခန်း ၁၈ လွှာမှ ဇွန်လ ၁၂ ရက်နေ့၊ ညနေပိုင်းအချိန်က ခုန်ချကာ အဆုံး စီရင်ခဲ့သော မြန်မာမိန်းကလေး မဇင်မာဦး၏ ကျန်ရှိသည့် အဖိုးနှင့် အဖွားတို့အား ကူညီထောက်ပံ့ရန် ကောက်ခံ ထားသည့် အလှူငွေ ကျပ်သိန်း ၁ဝဝ ကျော်ရရှိနေပြီ ဖြစ်ကြောင်း အလှူငွေကူညီကောက်ခံပေးနေသည့် စစ်တွေမြို့နယ်မှ စာရေးဆရာ ကိုဝေဟင်အောင်က မဇ္ဈိမသို့ ပြောသည်။

လက်ရှိတွင် စင်ကာနိုင်ငံရှိ လူမှုအဖွဲ့အစည်းများမှ ကောက်ခံပေးထားသည့် အလှူငွေများနှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ ကောက်ခံရရှိထားသည့် အလှူငွေများမှာ ကျပ်သိန်း ၁ဝဝ ကျော်ရရှိထားပြီး အဆိုပါ အလှူ ငွေ စာရင်းများကို ဇွန်လ ၂ဝ ရက်နေ့တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ အဓိက ကျွန်တော်တို့ အလှူခံတာက အဖိုးနဲ့ အဖွားကိုထောက်ပံ့ဖို့ပဲ ။ ကျွန်တော်တို့ အလှူခံထားတာ။ ကျွန်တော်တို့ ရရှိသမျှအလှူငွေ အကုန်လုံးဟာလည်း အဖိုးနဲ့ အဖွားအတွက် တစ်သက်လုံး အဆင်ပြေ ချောမွေ့ ပြီးတော့ ရပ်တည်သွားနိုင်အောင်ထိတော့ ကျွန်တော်တို့ အစီအစဉ်ချထားပါတယ်။ အလှူငွေတွေကတော့ အခု ကျပ်သိန်း ၁ဝဝ ကျော်ရရှိပါပြီ။ လာမယ့် ဇွန်လ ၂ဝ ရက်၊ ညနေထိ ကောက်ခံသွားပါမယ်။ အဲ့ဒီနေ့မှာလည်း အလှူငွေစာရင်းတိတိကျကျ ထုတ်ပြန်ပေးပါမယ်ခင်ဗျ”ဟု ကိုဝေဟင်အောင်က ပြောသည်။

ဇွန်လ ၁၅ ရက်နေ့တွင် စာရေးဆရာ ကိုဝေဟင်အောင်က ဦးဆောင်ပြီး သေဆုံးသူ မဇင်မာဦး နေထိုင်ခဲ့သည့် အဖိုးနှင့် အဖွားနေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ရာ အဖိုး၊ အဖွားများမှာ မဇင်မာဦးနှင့် စင်ကာပူနိုင်ငံသို့ အိမ်အ ကူသွား ရောက်လုပ်ကိုင်ခဲ့ပြီးနောက်ပိုင်း တစ်ကြိမ်သာ အဆက်အသွယ်ရရှိခဲ့ကြောင်း၊ အဖိုးနှင့်အဖွားထံ ငွေ ကြေးပို့ ဆောင်ပေးနိုင်ခဲ့ခြင်းလည်းမရှိကြောင်း ကိုဝေဟင်အောင် ပြောပြချက်အရသိရသည်။

“  စင်္ကာပူရောက်ပြီးနောက်ပိုင်း ပိုက်ဆံလည်း တစ်ကြိမ်မှ မလွှဲနိုင်ခဲ့ဘူးဗျ။ အရင်တုန်းက သူ(မဇင်မာဦး)က ရွာမှာနေတုန်းကဆိုရင် ကျောင်းဆရာမလေး လုပ်တယ်။ သူ့အဖိုးနဲ့ အဖွားကို သူကပဲ ပြုစုစောင့်ရှောက်နေတာ။ သူမရှိဘူးတော့ဘူးလို့ သိရတဲ့ အချိန်မှာ အဖိုးနဲ့ အဖွားက တော်တော်လေး အခြေအနေဆိုးသွားတဲ့ သဘောရှိတယ် ”ဟု ကိုဝေဟင်အောင်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ စင်္ကာပူနိုင်ငံရှိ ကွန်ဒိုတိုက်ခန်း ၁၈ လွှာမှ ခုန်ချအဆုံးစီရင်ခဲ့သော  အသက် ၂၁ နှစ်အရွယ် မြိုတိုင်း ရင်းသူ မဇင်မာဦးမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဂူတလုကျကျေးရွာတွင် နေထိုင်သူဖြစ်ပြီး စင်္ကာပူနိုင်ငံတွင် အိမ်အကူအဖြစ်လုပ်ကိုင်သည်မှာ ၁၁ လခန့်ရှိပြီ ဖြစ်သည်။

 မဇင်မာဦး ၁၈ လွှာမှ ခုန်ချကာ အဆုံးစီရင်ခဲ့ပြီးနောက် ဗီဒီယိုဖိုင်များမှာ လူမှုကွန်ရက်စာမျက်နှာတွင် ဇွန်လ ၁၃ ရက် နံနက်ပိုင်းမှ စတင်ပျံ့နှံ့ခဲ့ခြင်းဖြစ်ပြီး ကွန်ဒိုတိုက်ခန်းမှ မခုန်ချမီ ကယ်ဆယ်ရန်ကြိုး စားနေသည့် ဗီဒီယိုဖိုင် များနှင့် ခုန်ချအဆုံးစီရင်သည့် ဗီဒီယိုဖိုင်များလည်း ပါရှိသည်။

“ အမှန်အတိုင်းပြောရမယ်ဆိုရင် ဒါဟာ နိုင်ငံအနေနဲ့လည်း တော်တော်သိက္ခာကျတယ်ဗျာ။ ကိုယ့်တိုင်းပြည်မှာ အဆင်မပြေလို့ သူများတိုင်းပြည်မှာ ကျွန်ခံနေရတဲ့ အချိန်မှာတောင်မှ ဒီလိုမျိုးဖြစ်သွားတော့ နိုင်ငံအတွက် တော်တော်လေးသိက္ခာကျတယ်။ အုပ်ချုပ်တဲ့ အစိုးရအနေနဲ့လည်း တိုင်းပြည်က တော်တော် လေးဆင်းရဲနေ တယ်ဆိုတဲ့ ပြယုဒ်ကို သတိထားဖို့လိုတယ်ဗျ။ လူတစ်ယောက်က သက်သေချင်လောက်ထိဆိုရင် ဘာကြောင့် လဲ စဉ်းစားဖို့လိုအပ်တယ်။ ဥပမာဆိုရင် လူလုပ်လို့ အသက်ရှင်နေရတာထက် သေရတာက မြတ်တယ်လို့ သူ့ အနေနဲ့ ခံယူသွားတဲ့ သဘောရှိတယ်”ဟု ကိုဝေဟင်အောင်က ၎င်းထင်မြင်ချက်ကို ပြောသည်။

လက်ရှိတွင် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မဇင်မာဦးကို စင်္ကာပူသို့ ပို့ဆောင်ခဲ့သောပွဲစားများအား ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ - ၂၆ ဖြင့် ကြည့်မြင်တိုင်မြို့နယ်ရဲစခန်းတွင် ဇွန်လ ၁၄ ရက်နေ့က အမှုဖွင့် ထားကြောင်း အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly