စီရော်နယ်ဒို၏ အေးဂျင့်ဂျော့ချ်မန်ဒက် ပီအက်စ်ဂျီအသင်းနှင့် လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးခဲ့

စီရော်နယ်ဒို၏ အေးဂျင့်ဂျော့ချ်မန်ဒက် ပီအက်စ်ဂျီအသင်းနှင့် လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးခဲ့

ဇွန် ၁၇၊ မက်ဒရစ်။             ။ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းသည် စီရော်နယ်ဒို ရီးယဲလ်မက်ဒရစ်ကိုစွန့်ခွာဖြစ်ပါက ခေါ်ယူနိုင်ရန်တိတ်တဆိတ်ကြိုးပမ်းနေ ပြီး စီရော်နယ်ဒို၏အေးဂျင့်   ဂျော့ချ်မန်ဒက်စ်နှင့်လည်း ကာဒစ်ဖ်တွင်လျှို့ဝှက်တွေ့ဆုံခဲ့သည်ဟု စပို့စ်မေးလ်သတင်းတွင် ဖော်ပြထားသည်။

အခွန်ကိစ္စနှင့်ပတ်သက်ပြီးစီရင်ချက်ချခံရပါက စပိန်ကထွက်ခွာတာကောင်းမည်ဟု အသက် ၃၂ နှစ်အရွယ် စီရော်နယ်ဒိုက ရီးယဲလ်မက်ဒရစ်အသင်းထံ ပြောဆိုထားသည်။

ပေါင် ၁၃ သန်း အခွန်ထမ်းရန်ကျန်နေသည်ဟု စပိန်အာဏာပိုင်များကစွဲချက်တင်နေခြင်းမှာ တစ်ဖက်စောင်းနင်းဖြစ်နေသည်ဟု ကမ္ဘာ့အကောင်းဆုံးကစားသမားက ယူဆနေသည်။

အကယ်၍ ဥရောပချန်ပီယံရီးယဲလ်မက်ဒရစ်အသင်းထံမှ စီရော်နယ်ဒိုထွက်ခွာဖြစ်လျှင် လွန်ခဲ့သည့်နှစ်ပတ်ကတည်းက မန်ဒက်စ် နှင့် ကာဒစ်ဖ်တွင်ဆွေးနွေးထားသည့် ပီအက်စ်ဂျီအသင်းက လက်ဦးမှုရယူပြီးခေါ်ယူနိုင်ရန် ကြိုးပမ်းဖွယ်ရှိသည်။

မန်ဒက်စ်သည် ချန်ပီယံလိဂ်ဗိုလ်လုပွဲနေ့ဖြစ်သည့် ဇွန် ၃ ရက် နေ့လယ်ခင်းတွင် ဝေးလ်ဒေသမြို့တော် ကာဒစ်ဖ်တွင် ပီအက်စ်ဂျီ အသင်းဥက္ကဋ္ဌ နက်ဆာ အယ်လ်ခီလိုင်ဖီနှင့် နှစ်နာရီကြာ တွေ့ဆုံခဲ့သည်ဟု စပို့စ်မေးလ်က ဖော်ပြခဲ့သည်။

ဘီဘီစီသတင်းတွင်လည်း စီရော်နယ်ဒိုသည် အခွန်ရှောင်သည်ဆိုသောစွဲချက်ကြောင့် စိတ်မကောင်းဖြစ်နေပြီး စပိန်မှထွက်ခွာ ချင်နေသည်ဟု ကစားသမားနှင့်နီးစပ်သူတစ်ဦးက ပြောသည်ဟုဖော်ပြထားသည်။

“သူ ရိုးရိုးသားသားနဲ့ အရာအားလုံးကိုမှန်မှန်ကန်ကန်ပဲလုပ်ခဲ့တယ်ဆိုတဲ့ စိတ်ခံစားချက်ဖြစ်ပေါ်နေပါတယ်။ အဲဒါကြောင့် သူ အရမ်းဝမ်းနည်းပြီး စိတ်မကောင်းဖြစ်နေတယ်။

စပိန်မှာသူဆက်မနေချင်တော့ဘူး။ အခုအချိန်မှာ ထွက်သွားချင်နေတယ်”ဟု ကစားသမားနှင့် နီးစပ်သူတစ်ဦးက ဘီဘီစီသို့ ပြောသည်။

မကြာသေးမီကမှ ရီးယဲလ်မက်ဒရစ်နှင့် စာချုပ်သစ်ချုပ်ထားသည့် စီရော်နယ်ဒို၏ စာချုပ်ဖျက်သိမ်းကြေးမှာ ယူရို ၁ ဘီလီယံ ဖြစ်ပြီး ယင်းကစားသမားကို ပီအက်စ်ဂျီအသင်းနှင့်အပြိုင် အသင်းဟောင်းမန်ချက်စတာယူနိုက်တက်ကလည်း စိတ်ဝင်စားနေသည်။

Ref; Daily Mail, BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required