တနိုင်းမြို့နယ်တွင် တပ်မတော်နှင့် KIA တိုက်ပွဲ ဖြစ်ပွားနေဟုဆို

တနိုင်းမြို့နယ်တွင် တပ်မတော်နှင့် KIA တိုက်ပွဲ ဖြစ်ပွားနေဟုဆို

ချင်းမိုင်၊ဇွန်လ ၁၆ ။            ။ ကချင်ပြည်နယ် တနိုင်းမြို့နယ် ကောင်ရာကျေးရွာအနီးတွင် တပ်မတော်နှင့် KIA တို့အကြား ဇွန်လ ၁၆ ရက်နေ့တွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေသည်ဟု ဒေသခံ ဓမ္မဆရာတစ်ဦးက ပြောသည်။

တနိုင်းမြို့မှ ၁၀ မိုင်ခန့်အကွာအဝေးရှိ ကောင်ရာကျေးရွာအနီး KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ တပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ပြန်လည် တည်ငြိမ်သွားသည်ဟု ကောင်ရာကျေးရွာမှ ဆရာဖန်းအောင်က ပြောသည်။

“ကျွန်တော်တု့ိ နောင်းလုံကောင်ရာ ရွာထိပ်မှာပဲ။ ဒီမနက် ၈ နာရီ ၁၅ ကနေ စဖြစ်တာ တစ်နာရီလောက်ကြာ တိုက်ပွဲဖြစ်ပြီးနောက် ငြိမ်သွားပြီ။ ဒီကျွန်တော်တို့ရွာက ဒေသခံ လုံခြုံရေးယူနေတဲ့ တပ်ဖွဲ့တွေနဲ့ ဖြစ်တာ။ ခုထိတော့ တိုက်ပွဲတော့ မဖြစ်ဘူး။ ရွာထဲမှာက တပ်မတော်ဘက်က တပ်အင်အား တိုးမြှင့်မှုတွေတော့ ရှိနေတယ်”ဟု ကောင်းခါးကျေးရွာမှ ဓမ္မဆရာ ဦးဖန်းအောင်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ည သန်ခေါင်ယံတွင် ကောင်ရာကျေးရွာရှိ နေအိမ်တစ်အိမ်ထဲ လက်နက်ကြီး ကျရောက်ခဲ့သဖြင့် မိသားစု ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်။ လက်ရှိ ကောင်ရာကျေးရွာအတွင်း ရွာသားအချို့ ရှိနေသေးသဖြင့် တိုက်ပွဲဖြစ်ပွားနေသော်လည်း တခြားနေရာသို့ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိသေးကြောင်း သူက ဆက်ပြောသည်။

 “ကျွန်တော်တို့လည်း ထွက်ပြေးချင်ပါတယ်။ ဒါပေမဲ့ ဒီမှာက ဘာသာဝင်တွေလည်း ရှိနေသေးတယ်။ ပြီးတော့ ဒီက ရွာအုပ်ချုပ်ရေးမှူးတွေကလည်း သိပ်စိုးရိမ်စရာမလိုဘူး ထင်တယ်။ ကျွန်တော်တို့ ရွာမှာပဲ နေရအောင်၊ ရွာကို ပစ်ထားလိုက်ရင် ကျွန်တော်တို့ ရွာပျက်စီးသွားလိမ့်မယ်ဆိုပြီး နေ နေကြတာ”ဟု သူက ပြောသည်။

ဇွန်လ ၃ ရက်နေ့မှစ၍ တနိုင်းမြို့နယ် အင်္ဂါဂါးကျေးရွာအနီး နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်မှ နယ်မြေ ရှင်းလင်းရေးလုပ်ဆောင်ရန် တနိုင်းမြို့နယ် ရွှေ၊ ပယင်းမှော်များမှ ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား ထွက်ခွာရန် လေယာဉ်မှာစာများ ကြဲချခဲ့ပြီး ယနေ့ ဇွန်လ ၁၆ ရက်တွင် တိုက်ပွဲ ထပ်မံ ဖြစ်ပွားလာခြင်း ဖြစ်သည်။

KIA ဘက်ကလည်း တနိုင်းလမ်းနှင့် ဖားကန့်လမ်းများပေါ်တွင် ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း ညအချိန်ဖြတ်သန်းမှု မပြုလုပ်ရန် စာထုတ်ပြန်ခဲ့သည်။

ယနေ့ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ KIO သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရခဲ့ပေ။

တိုက်ပွဲကြောင့် တနိုင်းမြို့နယ်အတွင်းရှိ ရွှေ၊ ပယင်းမှော်များ အနီးရှိ ကျေးရွာများမှ ဒေသခံများ၊ ရွှေ့ပြောင်းအလုပ်သမားများ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို၊ ဇွန်လ ၁၅ ရက်နေ့ထိ တနိုင်းမြို့ပေါ် ခရစ်ယာန်ဘုရားကျောင်း ၄ ကျောင်းအတွင်း စစ်ရှောင် ဒုက္ခသည် ၈၇၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော တနိုင်းမြို့တွင် မူလက ဆန်တစ်အိတ်လျှင် ၂၅၀၀၀၊ ၃၀၀၀၀ ကျပ် ဝန်ကျင်ရှိရာမှ ယခုတွင် ဆန်တအိတ်လျှင် ၄၅၀၀၀၊ ၅၀၀၀၀ ကျပ်ထိ မြင့်တက်လာသည်ဟု တနိုင်းမြို့မှ စစ်ရှောင်များကို ကူညီပေးနေသော ဓမ္မဆရာ ဦးနော်တောင်က မဇ္ဈိမကို ယမန်နေ့က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်နယ်အစိုးရက ပဋိပက္ခဖြစ်ပွားနေသော ဒေသမှ တိမ်းရှောင်လာပြီး အသင်းတော်များနှင့် ဘုန်းကြီး ကျောင်းများတွင် ခိုလှုံနေသူများအတွက် ဆန်အိတ်ပေါင်း ၂၅၅ အိတ်၊ ဆီ၊ ဆားနှင့် သောက်ရေများကို ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly