လက်နက်အမျိုးမျိုး တပ်ဆင်အသုံးပြုနိုင်သည့် ဘက်စုံသုံး စစ်မြေပြင်စက်ရုပ် ရုရှ ပြသ

လက်နက်အမျိုးမျိုး တပ်ဆင်အသုံးပြုနိုင်သည့် ဘက်စုံသုံး စစ်မြေပြင်စက်ရုပ် ရုရှ ပြသ

စစ်မြေပြင်၊ နျူကလီးယားဓာတ်ပြာမှုန့်များ လွင့်ပျံနေချိန်နှင့် အလွန်အေးသည့် အာတိတ် ဆန်ဆန် ပတ်ဝန်းကျင်တွင်ပါ အသုံးပြုနိုင်သော ဉာဏ်ရည်တုစွမ်းရည်နှင့် လက်နက်တပ်ဆင်ထား သည့် စက်ရုံ ပလက်ဖောင်းတစ်ခုကို ရုရှသိပ္ပံပညာရှင်များက တီထွင်ခဲ့ကြသည်။

RT သတင်းဌာန၏ သြဂုတ်လ ၂ ရက်က သတင်းပို့ချက်အရ တွားသွားဆွဲယာဉ် စက်ရုပ်စနစ် URP-01G ကို ရုရှ၏ Systemprom Concern က ဒီဇိုင်းထုတ် တည်ဆောက်ခဲ့ပြီး ယခုနှစ်ကုန်ခန့်တွင် စက်ရုံ ၌ စမ်းသပ်ထုတ်လုပ်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

ထိုစနစ်မှာ လက်နက်ထိပ်ဖူးမျိုးစုံကို သယ်ဆောင်နိုင်စွမ်းရှိသည့် ဘက်စုံသုံး ယန္တရားစနစ် တစ်ခု ဖြစ်သည်ဟု ဆိုသည်။ ယန္တရားစနစ်ပေါ်တွင် လျှပ်စစ်ဓာတ်အားကို သိုထိန်းထားရန်နှင့် လက်နက်ထိပ်ဖူး စနစ်ကို ထိန်းချုပ်ရန် ရှုပ်ထွေးများပြားလှသည့် စနစ်ခွဲအမြောက်အမြား ပါဝင်နေ သည်ဟု Systemprom ၏ သိပ္ပံနှင့် နည်းပညာဌာန အကြီးအကဲ အလက်ဆေး ဆိုင်မျူလင်က ပြောကြားသည်။

အမျိုးမျိုးသော လက်နက်ဂုဏ်အင်္ဂါနှင့် ပတ်ဝန်းကျင်လိုအပ်ချက်များကို လိုက်၍ ပလက်ဖောင်း ၏ အလေးချိန်မှာ ၇ တန်အထိ ရောက်ရှိနိုင်ပြီး အရွယ်အစားမှာ အလျား ၃ ဒသမ ၅ မီတာနှင့် အကျယ် ၂ မီတာအထိ ရှိနိုင်သည်ဟု ဆိုသည်။

လုံလောက်သောပါဝါနှင့် ထိန်းချုပ်စနစ်များ ပါဝင်နေသောကြောင့် မည်သည့်အရာကိုမဆို လုပ်နိုင်ပြီး ထုတ်လုပ်သူအမျိုးမျိုး၏ လက်နက်အမျိုးမျိုးကို တပ်ဆင်အသုံးပြုနိုင်စွမ်းရှိသည့် စက်ရုပ် ဖြစ်သည်ဟု ဆိုင်မြူလင်က ပြောကြားသည်။ ရေဒီယိုအီလက်ထရွန်းနစ် စစ်ယာဉ်၊(သို့မဟုတ်) ဆက်သွယ်ရေး ရပီတာအဖြစ်လည်း အသုံးပြုနိုင်သည်ဟု ဆိုသည်။

လက်ရှိတွင် ထိန်းချုပ်ယူနစ်မှ ၁၀ ကီလိုမီတာအကွာအတွင်းသာ အလုပ်လုပ်နိုင်သော်လည်း ဉာဏ်ရည်တုဖြင့် မိမိဖာသာအလိုအလျောက် ထိန်းချုပ်အလုပ်လုပ်နိုင်သည်အထိ တည်ဆောက် သွားမည်ဖြစ်ကြောင်း Systemprom Concern က ပြောကြားသည်။

“စစ်သုံးထရပ်ကားတွေထဲ ထည့်သယ်သွားနိုင်အောင်၊ (ဒါမှမဟုတ်) လေယာဉ်ပေါ်က ချလို့ ရအောင် ဒီစက်ရုပ်ကို ဒီဇိုင်းထုတ်ထားပါတယ်''ဟု ဆိုင်မြူလင်က ထပ်လောင်းပြောကြားသည်။
ဤစက်ရုပ်ကို စက်သေနတ်များ၊ ဗုံးပစ်အမြောက်များ တပ်ဆင်ထားသည့် စစ်သုံးပုံစံနှင့် မောင်းသူမဲ့ ကင်းထောက်ယာဉ်ငယ်ပုံစံဟူ၍ ပုံစံနှစ်မျိုးဖြင့် ထုတ်လုပ်သွားမည်ဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required