ရခိုင်တွင် မြေပြို၍ လမ်းပျက်သည့်နေရာများတွင် ယာယီတံတားများစတင်ပြုလုပ်

ရခိုင်တွင် မြေပြို၍ လမ်းပျက်သည့်နေရာများတွင် ယာယီတံတားများစတင်ပြုလုပ်

အမ်း၊ ဇွန် ၁၆ ရက်။          ။ လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက  ရခိုင်ပြည်နယ်အတွင်း မိုးသည်းသန်စွာရွာသွန်းမှုကြောင့် အမ်း-စစ်တွေလမ်းပိုင်း ကျောက်ဆည်တောင်အနီး မိုင်တိုင်အမှတ် ၂၈/ဝနေရာတွင် လမ်းမြေများ ပြိုကျပျက်စီးနေခြင်း ကြောင့် ခရီးသွားယာဉ်များနှင့် ခရီးသည်များအား အန္တရာယ်ကျရောက်နိုင်သော ကြောင့် ယာယီတံတား ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းပိုင်း မြေပြိုကျမှုကြောင့် ခရီးသွားယာဉ်များ သွားလာခြင်းအား ခေတ္တရပ်တန့်ထားခဲ့ကာ မိုးရွာသွန်းမှု အခြေအနေနှင့် ၎င်းလမ်းပိုင်းအခြေအနေတို့ကို စစ်ဆေးပြီးမှ  သွားလာခွင့်ပြုထားကြောင်း အမ်းမြို့နယ် အုပ်ချုပ်ရေးမှုက RiA သို့ပြောသည်။

“ဒီနေ့မနက်ကစပြီးတော့ တံတားဆောက်နေပါတယ်။ မနက် ၈ နာရီနောက်ပိုင်းမှာ ကားတွေကိုသွားလာခွင့် ရပ်လိုက်ပြီးတော့ တံတားတည်တောက်မှုတွေကို လုပ်နေကြပါတယ်။ မနက်ဖြန်လောက်ဆိုရင်တော့ သွားလာရေးတွေ ပြန်ကောင်းသွားမှာဖြစ်ပါတယ်” ဟု အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ် က ဆိုသည်။

လက်ရှိအချိန်တွင် တံတားဆောက်လုပ်နေမှုကြောင့် ခရီးသွားယာဉ်များသွားလာမှုအား ခေတ္တရပ်နားထားကြောင်းနှင့် ယနေ့ညနေပိုင်းတွင် အပြီးသတ်လုပ်ဆောင်သွားဖြစ်ကြောင်းနှင့် ကားများကိုလည်း ညနေပိုင်းမှသာ ပြန်လည်သွားလာခွင့် ပေးမည်ဖြစ်ကြောင်း သိရသည်။

တံတားမှာ အရှည်ပေ ၉၀၊ အမြင့်ပေ ၄၀ နှင့် အကျယ်ပေ ၃၀ ရှိကြောင်းပြီး မူလလမ်းအကျယ်မှာ ပေ ၄၀ ရှိသော်လည်း မိုးရေတိုက်စားမှုကြောင့် ၁၂ ပေသာ ကျန်ရှိတော့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly