တရားခံပြေးအောင်ဝင်းခိုင် ဖမ်းမိရေးဆောင်ရွက်ချက် အဆင်သင့် မဖြစ်သေး၍ ထပ်မံရုံးချိန်း

တရားခံပြေးအောင်ဝင်းခိုင် ဖမ်းမိရေးဆောင်ရွက်ချက် အဆင်သင့် မဖြစ်သေး၍ ထပ်မံရုံးချိန်း

ရန်ကုန်၊ ဇွန်လ ၁၆ ။             ။ ရှေ့နေဦးကိုနီ အသတ်ခံခဲ့ရသည့်အမှုတွင် ပါဝင်ခဲ့သည့် တရားခံပြေး အောင်ဝင်းခိုင်အား ဖမ်းဆီးရမိရေး ဆောင်ရွက်ချက်များအား တရားရုံးသို့ သက်သေခံအဖြစ် တင်သွင်းရန် ရဲမှူးခင်မောင်ဆွေက အဆင့်သင့်မဖြစ်သေးသည့်အတွက် ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။

ယနေ့ ဇွန် ၁၆ ရက်တွင် သေနတ်သမားကြည်လင်းအပါ လေးဦးအား ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားခံပြေးအောင်ဝင်းခိုင်အား ၎င်းနေထိုင်ခဲ့သည့် ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်တွင် ဖမ်းဝရမ်းထုတ်ပြီး ရှာဖွေခဲ့စဉ်ကပါဝင်ခဲ့သည့် ရဲမှူးခင်မောင်ဆွေအပါအဝင် လေးဦးအား သက်သေအဖြစ် ခရိုင်တရားရုံးတွင် ထပ်မံစစ်ဆေးခဲ့သည်။

" ဒီနေ့သက်သေ လေးယောက်စစ်တဲ့နေရာမှာ ရဲမှူးခင်မောင်ဆွေက သူနဲ့ ပတ်သက်တဲ့၊ လုပ်ငန်းနဲ့ ပတ်သက် တဲ့ သက်ဆိုင်ရာစာရွက်စာတမ်းတွေ တရားရုံးမှာ သက်သေခံသွင်းဖို့အတွက်က အဆင်သင့်မဖြစ်သေးတဲ့ အ တွက် နောက်ရုံးချိန်းကို ပြန်ချိန်းလိုက်တယ်။ နောက်ရုံးချိန်းမှာလည်း ဦးခင်မောင်ဆွေကိုပဲ တရားခံပြေးအမှုနဲ့ ဆက်စစ်မှာ"ဟု သေနတ်သမားကြည်လင်းဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ကျော်ထိုက်က ပြောသည်။

ရဲမှူးခင်မောင်ဆွေအပါအဝင် သက်သေ လေးဦးက တရားရုံးတွင် တရားခံပြေးအောင်ဝင်းခိုင်အား ဖမ်းဆီးရာတွင် တရားခံပြေးအား မတွေ့ကြောင်း အဓိကထွက်ဆိုခဲ့ပြီး လာမည့် ဇွန်လ ၂၃ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးခြင်း လုပ်ဆောင်မှုများ ပြန်သတင်းပို့မှသာလျှင် အမှုကိုရှေ့ဆက်သွားနိုင်မည်ဟု သနတ်သမားကြည်လင်းဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ကျော်ထိုက်က ပြောသည်။

" သူတို့ကတော့ ဖမ်းဆီးရမယ့်သူကို မတွေ့ကြောင်း အဓိကထွက်ဆိုသွားတယ်လေ။ သူတို့တွေ လုပ်ဆောင်ချက်တွေကို ဒီလိုဒီလိုလုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် တရားခံပြေးသတ်မှတ်ထားတဲ့ အောင်ဝင်းခိုင်ကို ဖမ်းဆီးလို့ မရနိုင်တဲ့ အနေအထားကို ပြန်သတင်းပို့တာပေါ့။ ဒီလိုသတင်းပို့လုပ်ဆောင်မှ လည်း ဒီအမှုက ရှေ့ဆက်ပြီသွား လို့ရမှာ။ မဟုတ်ရင် ဒီအမှုကို ရှေ့ဆက်သွားဖို့ ဥပဒေလုပ်ထုံးလုပ်နည်းအရ အဆင်မပြေဘူး"ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ကျော်ထိုက်က ပြောသည်။

အဓိကတရားခံပြေး အောင်ဝင်းခိုင်မှာ ရှေ့နေဦးကိုနီအား လုပ်ကြံရန် ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့ ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ဦးကိုနီလုပ်ကြံခံရပြီးနောက် ဇန်နဝါရီလ ၂၉ ရက်နေ့၊ ညနေပိုင်း အချိန်တွင် ပူးပေါင်းပါဝင်သူ ဇေယျာဖြိုးနှင့်တွေ့ဆုံခဲ့ကာ ဇန်နဝါရီလ ၃ဝ ရက်နေ့တွင် နေပြည်တော်သို့ သွားရောက်ခဲ့ပြီး ပရ ဆေးဥယျာဉ်ရှေ့တွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ တရားခံပြေးအောင်ဝင်းခိုင်မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့ထိ နေပြည်တော်ရှိ ဇမ္မသီရိမြို့နယ်၊ ရွှေကြာ ပင်ရပ်ကွက်ရှိ ဇေယျာဖြိုး၏ ရုံးခန်း၊ နေအိမ်တွင် ရှိနေခဲ့သည်ဟုလည်း ဇွန်လ ၉ ရက်နေ့က မြောက်ပိုင်း ခရိုင် တရားရုံးတွင် နေပြည်တော်ရဲတပ်ဖွဲ့မှ လာရောက်ထွက်ဆိုချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required