Miss Grand International 2017 ပြိုင်ပွဲ အတွက် လေ့ကျင့်မှုများ လုပ်နေသည့် အလှမယ် ရွှေအိမ်စည်

Miss Grand International 2017 ပြိုင်ပွဲ အတွက် လေ့ကျင့်မှုများ လုပ်နေသည့် အလှမယ် ရွှေအိမ်စည်

ရန်ကုန် ၊ ဇွန် ၁၆ ။             ။ ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် Miss Grand International 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ် ရွှေအိမ်စည်သည် လက်ရှိတွင် ပြိုင်ပွဲနှင့် ပတ်သက်ပြီး လေ့ကျင့်မှု များ ပြုလုပ်လျက်ရှိသည်။

Miss Grand International ပြိုင်ပွဲကို Miss Universe Myanmar Organization မှ ရွေးချယ်စေလွှတ်ခြင်း ဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွက် အလှမယ် ရွှေအိမ်စည်ကို မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် ရွေးချယ်ပြီး စေလွှတ်ခြင်း ဖြစ်သည်။

အလှမယ် ရွှေအိမ်စည်သည် လက်ရှိတွင် ပြိုင်ပွဲ အတွက် နေ့စဉ် Personal Trainer များ၏ သင်ကြားမှုဖြင့် အားကစား လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း အပါအဝင် မြန်မာ့ဂုဏ်ဆောင် အလှမယ်တစ်ဦးအတွက် လိုအပ်သည့် အရည်အသွေးများ ပြည့်ဝအောင် ကြိုးစားပြင်ဆင်လျက်ရှိသည်။

Miss Grand Myanmar 2017 ရွှေအိမ်စည်သည် အသက်(၁၆)နှစ်အရွယ်တွင် အင်္ဂလန်အခြေစိုက် MJ Visuals အေဂျင်စီသို့ ဝင်ရောက်ပြီး မော်ဒယ်အလုပ်ကို စတင်လုပ်ကိုင်ခဲ့သည်။ ထိုနှစ်ထဲမှာပင် သူမ၏ ပထမဆုံး အဓိက နိုင်ငံတကာ အတွေ့အကြုံအဖြစ် ကမ္ဘာကျော် Paul Costelloe မှ ထုတ်လုပ်သည့်  လက်ကိုင်အိတ်များ ကြော်ငြာ အစီအစဉ်တွင် ပါဝင်ခဲ့သည်။

၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး မော်ဒယ်လုပ်ငန်း ဆက်လက်လုပ်ကိုင်ခဲ့ကာ၂ဝ၁၆ မေလတွင် Miss World Myanmar ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ စတုတ္ထနေရာ ရရှိခဲ့သည်။ ၎င်း၏ ပထမဆုံးအကြိမ် အလှမယ်ပြိုင်ပွဲ အတွေ့အကြုံမှ ရရှိလာသည့် ပရိသတ်အားပေးမှုကြောင့် ထိုနှစ် စက်တင်ဘာ တွင် ကျင်းပသည့် Miss Universe Myanmar နှင့် Miss Grand Myanmar တို့ကို ရွေးချယ်သည့်ပွဲသို့ ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ရာ Miss Grand Myanmar 2017 အဖြစ် ရွေးချယ် ချီးမြှင့်ခြင်း ခံခဲ့ရသည်။

မြန်မာနိုင်ငံတွင် ဆဋ္ဌမတန်းအထိ ပညာသင်ကြားခဲ့ပြီး မိခင်ဖြစ်သူ၏ အလုပ်အကိုင်တည်ရှိရာ အင်္ဂလန်နိုင်ငံသို့ လိုက်ပါသွားပြီးနောက် GCSE တက္ကသိုလ်ဝင်တန်းပြီး မြောက်ခဲ့ပါသည်။ ပြည်ပတွင် ပညာသင်ကြားစဉ် ရှိတ်စပီယား၏ ဂန္ထဝင်ပြဇာတ်များတွင်လည်း အခြေခံပညာအဆင့် ပါဝင်သရုပ်ဆောင်ခွင့်ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီးနောက် မော်ဒယ်ရှိုးများ၊ ဓာတ်ပုံရိုက်ကူးခြင်းနှင့် ရုပ်သံကြော်ငြာများ၊ ဗီစီဒီသီချင်းခွေများကို စဉ်ဆက်မပြတ် ရိုက်ကူးခဲ့သည်။

Miss Grand Myanmar 2017 အလှမယ် ရွှေအိမ်စည်သည် ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ဗီယက်နမ် နိုင်ငံ၌ ကျင်းပပြုလုပ်မည့် Miss Grand International ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly