လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် အိုင်အက်စ်ခေါင်းဆောင် သေဆုံးခဲ့ဖွယ်ရှိဟု ရုရှပြောသော်လည်း အမေရိကန် အတည်မပြု

လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် အိုင်အက်စ်ခေါင်းဆောင် သေဆုံးခဲ့ဖွယ်ရှိဟု ရုရှပြောသော်လည်း အမေရိကန် အတည်မပြု

ဇွန် ၁၆ ။             ။ ပြီးခဲ့သည့်လက လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း အိုင်အက်စ် ခေါင်းဆောင် အဘူဘာကာ အယ်လ်ဘဂ္ဂဒက်ဒီ သေဆုံးခဲ့ဖွယ်ရှိကြောင်း ရုရှစစ်တပ်က ဇွန်လ ၁၆ ရက်တွင် ထုတ်ပြန်ပြောကြားသည်။ သို့သော် အဆိုပါ အိုင်အက်စ်ခေါင်းဆောင် သေဆုံးမှုသတင်းကို အတည်မပြုနိုင်သေးကြောင်း အမေရိကန်က ပြောသည်။

ယခင်လက ဆီးရီးယားနိုင်ငံ ရာချာမြို့အနီး အိုင်အက်စ်တို့ ခိုအောင်းရာနေရာတစ်ခုကို ဆယ်မိနစ်ကြာ လေကြောင်းစစ်ဆင်မှုတစ်ရပ် ရုရှတို့ ဆင်နွှဲခဲ့သည်ဟု သိရသည်။ ယင်းတိုက်ခိုက်မှုက အိုင်အက်စ် ထိပ်တန်းခေါင်းဆောင်များကို ထိမှန်ခဲ့ကြောင်းနှင့် ၎င်းတို့ထဲတွင် အကြမ်းဖက်အဖွဲ့၏ နံပါတ်တစ်ခေါင်းဆောင်လည်း ပါဝင်သေဆုံးသွားနိုင်ကြောင်း ရုရှစစ်တပ်က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ရုရှစစ်တပ်၏ အဆိုအရ ၎င်းတို့ တိုက်ခိုက်ခဲ့သည့် ပစ်မှတ်မှာ အိုင်အက်စ်ခေါင်းဆောင်များအစည်းအဝေးလုပ်နေခဲ့သည့် နေရာဖြစ်သည်ဟု အခိုင်အမာဆိုထားသည်။

" အစည်းအဝေးထိုင်နေခဲ့ကြတဲ့ အိုင်အက်စ်ရဲ့ အကြီးတန်း တပ်မှူးတွေရော၊ အလယ်အလတ်ဆင့် တပ်မှူး တွေအပါအဝင် သူတို့ကို လုံခြုံရေးပေးနေတဲ့ စစ်သွေးကြွ ၃၀၀ လောက်ထိ ဒီစစ်ဆင်ရေးမှာ ကျဆုံးသွားပါတယ်၊ ဒါ့အပြင် အဲဒီအချိန်တုန်းက အဖွဲ့ခေါင်းဆောင် အဘူဘာကာလည်း အဲဒီနေရာမှာ ရှိနေခဲ့တယ်လို့ သိရပြီး သေဆုံးခဲ့တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ရထားပါတယ်၊ ကျွန်တော်တို့ သေချာအောင် စုံစမ်းနေပါတယ်" ဟု ရုရှစစ်တပ်က ထုတ်ပြန်သည်။

သို့ရာတွင် ယခုကဲ့သို့ ရုရှတို့၏ ထုတ်ပြန်ချက်တွင် ပါဝင်သည့် အိုင်အက်စ်ခေါင်းဆောင် သေဆုံးသွားသည်ဆိုသည့် ကိစ္စကို အတည်မပြုနိုင်ကြောင်း အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းအုပ်စုက ပြောသွားသည်။

" ခုချိန်မှာ ဒီသတင်းတွေကို ကျွန်တော်တို့ အတည်ပြုလို့မရသေးပါဘူး" ဟု အမေရိကန်စစ်တပ်မှ ဗိုလ်မှူးကြီး ရိုင်ယန် အက်စ်ဒီလွန်က ပြောသွားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required