The Joshua Tree 2017 နယ်လှည့်ဖျော်ဖြေပွဲမှ တစ်လအတွင်း ဒေါ်လာ ၆၂သန်းရရှိခဲ့သော U2 အဖွဲ့

The Joshua Tree 2017 နယ်လှည့်ဖျော်ဖြေပွဲမှ တစ်လအတွင်း ဒေါ်လာ ၆၂သန်းရရှိခဲ့သော U2 အဖွဲ့

၁၉၈၇ ခုနှစ် မတ်လက ထွက်ရှိခဲ့ပြီး Billboard အယ်လ်ဘမ် ၂၀၀ ဇယားတွင် ထိပ်ဆုံးမှရပ်တည်နိုင်ခဲ့သော ၎င်းတို့အဖွဲ့၏ သီချင်းအယ်လ်ဘမ် The Joshua Tree  ထွက်ရှိသည့် နှစ် ၃၀ ပြည့် အထိမ်းအမှတ်အနေဖြင့် U2 အဖွဲ့သည် နယ်လှည့်ဖျော်ဖြေပွဲ ပြုလုပ်လျက်ရှိပြီး တစ်လအတွင်း ဖျော်ဖြေခဲ့သည့် ရှိုးပွဲ ၁၀ခုမှ အမေရိကန် ဒေါ်လာ ၆၂သန်း ဝင်ငွေရရှိခဲ့သည်။

ထိုသို့ ဒေါ်လာမီလျံ မြောက်မြားစွာရရှိခဲ့သော အိုင်းရစ်ရော့ခ်ဂီတအဖွဲ့ U2 ၏၂၀၁၇ ခုနှစ်အတွင်း ဖျော်ဖြေသည့် ရှိုးပွဲ ၁၀ခုစလုံးတွင် လက်မှတ်များအားလုံး ရောင်းကုန်သွားခဲ့ကြောင်းသိရသည်။

U2 အဖွဲ့၏ နယ်လှည့်ဖျော်ဖြေပွဲကို မေလ ၁၂ရက်နေ့က ဗန်ကူးဗားမြို့တွင် စတင်ခဲ့ပြီး ဘီစီပလေ့စ် အားကစား ကွင်း၌ ကျင်းပခဲ့သော ထိုရှိုးပွဲသို့ ပရိသတ် ၄၅၄၃၆ ယောက်ခန့် လာရောက်ကြည့်ရှုခဲ့သည်။ ဒါ့အပြင် U2 သည် ဆီယက်တဲလ်၊ ဆန်ဖရန်စ္စကို၊ ဟော့စ်တွန်၊ ဒါးလက်စ်နှင့် ပစ်တ်ဘာ့ဂ်မြို့များရှိ အားကစားကွင်းများ၌လည်း ဖျော်ဖြေပွဲများ ပြုလုပ်ခဲ့သည်။

The Joshua Tree 2017 နယ်လှည့်ဖျော်ဖြေပွဲကို ကျန်ရှိနေသော မြောက်အမေရိကမြို့များ၌ ဇူလိုင် ၁ ရက်နေ့ အထိ ဆက်လက်ဖျော်ဖြေသွားမည်ဖြစ်သည်။ ထို့နောက်တွင် ဥရောပနိုင်ငံများသို့ သုံးပတ်ခန့် သွားရောက် ဖျော်ဖြေမည်ဖြစ်ပြီး စက်တင်ဘာလတွင် မြောက်အမေရိကမြို့များသို့ ဒုတိယအကြိမ် သွားရောက်မည်ဖြစ်ကာ အောက်ကိုဘာလတွင် လက်တင်အမေရိကမြို့များ၌ ဖျော်ဖြေရင်း နယ်လှည့်ဖျော်ဖြေပွဲကို အဆုံးသတ်မည် ဖြစ်သည်။

Ref: Billboard

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly