အဆုံးစီရင်ခန်း

အဆုံးစီရင်ခန်း

ရုပ်ရှင်ဇာတ်ဝင်ခန်းတွေထဲကလို “ဘုန်း” ကနဲ အသံတစ်ခုနဲ့အတူ တစ်ကမ္ဘာလုံးက အာရုံစိုက်မှုကို ခံလိုက်ရပေမယ့် ဇာတ်ဝင်ခန်းတွေထဲကလိုတော့ သူ ပြန်မရှင်သန်တော့ဘူး။

ဇွန်လရဲ့ ညနေခင်းတစ်ခုမှာ စင်ကာပူနိုင်ငံရဲ့ အကောင်းဆုံးစာရင်းဝင်ထားတဲ့ ၂၄ ထပ်ရှိ Inter Lace ကွန်ဒိုမီယံတိုက် ၁၈ လွှာကနေ မြန်မာအမျိုးသမီးလေးတစ်ယောက် ခုန်ချအဆုံးစီရင်သွားခဲ့တဲ့ ဗီဒီယိုဖိုင်လေးက အွန်လိုင်းစာမျက်နှာတွေ ပေါ်မှာ နေရာအပြည့်ယူထားပါတယ်။

ဟိုတစ်စ ဒီတစ်စ ဖြစ်နေနဲ့ ဗီဒီယိုဖိုင်လေးတွေကို ဆက်စပ်ကြည့်မိတော့ ၁၈ ထပ်မြင့်တဲ့ ကွန်ဒိုမီယံအစွန်းကနေ မခုန်ချခင်မှာ အရမ်းကို စိုးရိမ်ထိတ်လန့်နေတဲ့ သူ့မျက်နှာလေးကို အမှတ်မထင် တွေ့လိုက်ရတယ်။ သောကတွေ ဘယ်လောက်တောင်များလို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါလိမ့်။ ။

အသက်နှစ်ဆယ့်ငါးနှစ်သာရှိပြီး မြန်မာစကားကို ရေရေလည်လည်မပြောတတ်တဲ့ ရခိုင်တိုင်းရင်းသူလေး ဇင်မာဦးတစ်ယောက် စင်ကာပူနိုင်ငံမှာ အိမ်ကူလုပ်သားအဖြစ် တရားမဝင်ဘဲ ရောက်နေခဲ့တာ ရှစ်လ သာရှိသေးတယ်လို့ စင်ကာပူနိုင်ငံရောက် မြန်မာအသိုင်းအဝိုင်းတွေဆီက သိရပါတယ်။

မဇင်မာဦးလိုမျိုး စင်ကာပူနိုင်ငံမှာ တရားမဝင်သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာ အိမ်ကူလုပ်သားပေါင်း လေးသောင်းကျော်ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၃ ခုနှစ်မှာတော့ စင်ကာပူနှင့် ဟောင်ကောင်ကို အိမ်ကူလုပ်သားများအဖြစ် တရားဝင်သွားရောက် အလုပ်လုပ်ခွင့်ပြုခဲ့ပေမယ့် ပြင်းထန်တဲ့ ဝေဖန်မှုတွေရှိခဲ့တာကြောင့် တရားဝင်အိမ်ကူလုပ်သားစေလွှတ်မှုကို တစ်နှစ်သာလုပ်ဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ရပ်နားခဲ့ပါတယ်။

ပြည်တွင်းမှာ အိမ်ကူ (အိမ်ဖော်)အလုပ်လုပ်ရင် မြန်မာငွေကျပ် တစ်သိန်း နှင့် တစ်သိန်းခွဲကြားသာ ရရှိတာဖြစ်ပြီး စင်ကာပူနိုင်ငံလို ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ အိမ်ကူလုပ်သားအဖြစ် အလုပ်ရရင် မြန်မာငွေ လေးသိန်းကနေ ငါးသိန်းအထိ ရတာမို့ နိုင်ငံရပ်ခြားတွေမှာပဲ အလုပ်လုပ်ဖို့ ရွေးချယ်တာ ဖြစ်တယ်လို့ လက်ရှိ စင်ကာပူနိုင်ငံမှာ အိမ်ကူလုပ်သားအဖြစ် လုပ်ကိုင်နေတဲ့ ကရင်တိုင်းရင်းသူလေး မမွန်မွန်က ပြောပါတယ်။

“ညီမ ဒီမှာ လုပ်ရင် လစာက တစ်သိန်းလောက်ပဲ ရတာလေ။ ဟိုမှာသွားလုပ်ရင် အခု ညီမ လေးသိန်းခွဲလောက်ရတယ် အိမ်ကိုလေးသိန်းလောက်ပြန်ပို့နိုင်တယ်လေ။ အိမ်အလုပ်တွေရော၊ တခြား သူတို့ကလေးတွေပါ ထိန်းပေးရတယ်။ သူတို့က ပေးတာနဲ့တန်အောင်ခိုင်းတယ်။ ဒါ့ပေမယ့်လည်း ညီမ အလုပ်လုပ်တဲ့ အိမ်ရှင်က သဘောကောင်းတော့ နေရတာအဆင်ပြေပါတယ်” လို့ ဆိုပါတယ်။

မြန်မာလုပ်သားတွေအနေနဲ့ အိမ်ကူလုပ်သားတွေအဖြစ်နဲ့ သွားရောက်လုပ်ကိုင်နေတာ စင်ကာပူတစ်နိုင်ငံတည်းမဟုတ်ပါဘူး။ တရုတ်၊ ထိုင်း၊ ဂျပန်၊ ကိုရီးယားနဲ့ တခြားဖွံ့ဖြိုးပြီး အာဆီယံနိုင်ငံများစွာမှာ မြန်မာအိမ်အကူ လုပ်သားပေါင်းများစွာ ရှိနေပါတယ်။

ကမ္ဘာပေါ်မှာ အိမ်အကူလုပ်သားပေါင်း ၆၇ သန်းရှိနေတာဖြစ်ပြီး ၈၀ ရာခိုင်နှုန်းခန့်ကတော့ အမျိုးသမီးတွေ ဖြစ်ပါတယ်။ အဲဒီအမျိုးသမီး ၈၀ ရာခိုင်နှုန်းထဲကအများစုက အိမ်တွင်းအကြမ်းဖက်မှု တွေ၊ လူ့အခွင့်အရေးဆုံးရှုံးမှုတွေကို နေ့စဉ်ခံစားနေကြရပါတယ်။ အဲဒီလို လူ့အခွင့်အရေးဆုံးရှုံးနေရတဲ့ အထဲမှာ ဇင်မာဦးလည်း ပါဝင်နေပါတယ်။

သူ ၁၈ ထပ်တိုက်ပေါ်က မခုန်ချခင်မှာ စနစ်တကျနဲ့ သေချာစီစဉ်ပုံပေါ်ပါတယ်။ ဇင်မာဦးလို့ နာမည်ရေးထားတဲ့ ဗလာစာအုပ်လေးထဲမှာတော့ လက်ရေးလှလှလေးနဲ့ သူ့ရဲ့ တစ်နေ့တာ လုပ်ဆောင်ချက်တွေနဲ့ ထမင်းစားချိန်တွေကို ဖော်ပြထားပြီး ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်ကိုပါ ရေးသားထားခဲ့ပါတယ်။

တိုက်ပေါ်က မခုန်ချမီမှာ ပတ်ဝန်းကျင်က လူတွေက နှစ်သိမ့်တားဆီးကြပါတယ်။ ကယ်ဆယ်ရေးတွေ ကလည်းတိုက်အောက်မှာ အသက်ကယ်ဖော့တွေ ချထားပေးပါတယ်။ ဒါပေမယ့် သူ ခုန်ချသွားတဲ့ နေရာမှာတော့ ဘာမှရှိမနေတဲ့အတွက်ကြောင့် အထပ်မြင့်ပေါ်ကနေ ခုန်ချသေဆုံးသွားခဲ့တာကို ဝမ်းနည်းစွာ မြင်လိုက်ရပါတယ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နဲ့ ခပ်လှမ်းလှမ်းရွာက ဇာတိဖြစ်တဲ့ မဇင်မာဦးရဲ့ မိသားစုတွေကတော့ သူတို့သမီးလေး အလုပ်လုပ်ဖို့ထွက်သွားတာကလွှဲရင် ဘာမှ မသိတာမို့ အခုလို သေဆုံးပြီးချိန် မှာတော့ အကြောင်းစုံကို သိရဖို့အတွက် ဖခင်ဖြစ်သူက စင်ကာပူနိုင်ငံကို လိုက်သွားမယ်လို့ သိရပါတယ်။

အခုချိန်မှာတော့ တရားဝင်အိမ်ကူလုပ်သားစေလွှတ်မှုကို တားမြစ်ပိတ်ပင်ထားတဲ့အတွက်ကြောင့် အခုလို တရားမဝင်ဘဲ နေထိုင်လုပ်ကိုင်နေသူတွေ အခွင့်အရေးဆုံးရှုံးနေရတာနဲ့ ပတ်သက်လို့ အငြင်းပွားစရာတွေ ရှိနေပါတယ်။

ဇွန်လ ၁၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အိမ်အကူအလုပ်သမားများနေ့လို့ သတ်မှတ်ထားပြီး ရန်ကုန်မှာတော့ ဇွန် ၁၅ ရက်က တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ မဇင်မာဦးအကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

“ဘုန်း”  ဆိုတဲ့ အသံတစ်ခုက တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေ၊ ပညာရေးအခြေအနေတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို အများကြီး လှစ်ဟပြသွားခဲ့တယ်။ ပြန်ရစ်လို့၊ ပြန်လှည့်လို့ မရတော့တဲ့ အဆုံးစီရင်တဲ့ ဇာတ်ဝင်ခန်းတစ်ခုကြောင့် လူတန်းစားတစ်ရပ်ကို သတိထားမိလာခဲ့ကြတယ်။ ဒါပေမယ့် ဒီလိုဇာတ်ဝင်ခန်းတွေ ဘယ်တော့များမှ ရပ်တန့်မှာလဲ။ ။

(အပြည်ပြည်ဆိုင်ရာ အိမ်အကူအလုပ်သမားများနေ့ အထိမ်းအမှတ်အဖြစ် ရေးသားသည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly