ရေဘေးဒုက္ခသည်များအတွက် အကူအညီများအပေါ် အခွန်ကောက်ခံမှု အမြန်ရပ်ရန်မြန်မာ အရပ်ဘက် လူမှုအဖွဲ့အစည်းများဖိုရမ် ထုတ်ပြန်

ရေဘေးဒုက္ခသည်များအတွက် အကူအညီများအပေါ် အခွန်ကောက်ခံမှု အမြန်ရပ်ရန်မြန်မာ အရပ်ဘက် လူမှုအဖွဲ့အစည်းများဖိုရမ် ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝှမ်း ပြည်နယ်နှင့်တိုင်း အများစုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိပြီး လူသိန်းနှင့်ချီ ရေဘေးဒုက္ခရောက်ကာ စားနပ်ရိက္ခာ လိုအပ်ချက်များရှိနေပြီး ထိုသူများအတွက် သွားရောက် ကူညီ လှူဒါန်းမှုအပေါ် အခွန်ကောက်ခံခြင်းကို အမြန်ဆုံး ရပ်တန့်ရန် မြန်မာအရပ်ဘက် လူမှုအဖွဲ့အစည်းများဖိုရမ် Myanmar CSO Forum က သြဂုတ် ၃ ရက်က ထုတ်ပြန်လိုက်သည်။

ယင်းအပြင် ရေဘေးဒဏ်ခံရသောပြည်သူများအား ကူညီနေကြသော စေတနာ့ဝန်ထမ်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုကို ဟန့်တားနှောက်ယှက်ခြင်းမပြုရန်နှင့် အသိ အမှတ်ပြု ခွင့်ပြုပေးပြီး စနစ်တကျဖြစ်စေရေးအတွက် လက်တွဲလုပ်ဆောင်သွားရန် အစိုးရကို တိုက်တွန်းထားသည်။

လက်ရှိ ရေကြီးရေလျှံမှု ဖြစ်စဉ်တွင် အစိုးရက ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်များကို လွန်ခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့  သဘာဝဘေးအန္တရာယ် ကျရောက်နေသောနေရာများ အဖြစ် ကြေညာခဲ့သော်လည်း ထိုသို့ကြေညာမှုသည် အလွန်တရာနှောင့်နှေးပြီး အမှန် တကယ် အလျင်အမြန် ထိရောက်သည့် လုပ်ဆောင်မှုများကို လက်တွေ့ မဆောင်ရွက်နိုင်ခဲ့ဟု ဝေဖန် ထားသည်။

အရပ်ဘက် အဖွဲ့အစည်းများသည် သိန်းနှင့်ချီသည့် ရေဘေးသင့်ပြည်သူများ အကူအညီ လိုအပ်နေသည့်အပေါ် အထူး စိုးရိမ်ပူပန်လျက်ရှိပြီး အစိုးရက အကူအညီ လိုအပ်နေသည့် နေရာများ ကို ခွဲခြားမှု မရှိဘဲ အကူအညီ အလျင်အမြန် ရောက်ရှိရေး လုပ်ဆောင်ရန်နှင့် လိုအပ်သည့် အကူအညီ များအတွက် နိုင်ငံတော် ဘတ်ဂျက်မှ စနစ်တကျ သုံးစွဲရန်နှင့် လိုအပ်ပါက နိုင်ငံတကာ အဖွဲ့အစည်း များ၏ အကူအညီများကိုလည်း ကန့်သတ်ချုပ်ချယ်မှု မပြုရန် တိုက်တွန်းထားသေးသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်တို့တွင် အဆိုးဝါးဆုံး ရေကြီးရေလျှံမှု ဖြစ်နေကာ လူ သိန်းနှင့်ချီ ရေဘေးဒုက္ခ ခံစားနေရပြီး သြဂုတ် ၂ ရက်ထိ သေဆုံးသူ ၄၇ ဦးထက်မနည်း ရှိနေပြီဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly