ရတနာပုံတက္ကသိုလ်အတွက် ဇွန်လ စတုတ္ထအပတ်မှ စတင်၍ ကျောင်းကားသုံးစီးကို စမ်းသပ်ပြေးဆွဲမည်

ရတနာပုံတက္ကသိုလ်အတွက် ဇွန်လ စတုတ္ထအပတ်မှ စတင်၍ ကျောင်းကားသုံးစီးကို စမ်းသပ်ပြေးဆွဲမည်

မန္တလေး၊ ဇွန် ၁၆ ။             ။ ရတနာပုံတက္ကသိုလ် ကျောင်းသားကျောင်းသူများအတွက် ဈေးနှုန်းသင့်တင့်ပြီး လုံခြုံစိတ်ချစွာ စီးနိုင်စေရန် ရည်ရွယ်ပြီး ကျောင်းကားပြေးဆွဲခြင်း အစီအစဉ်ကို ဇွန်လ ၁၉ ရက်မှစတင်၍ စမ်းသပ်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရတနာပုံကျောင်းသားသမဂ္ဂ (ရ.တ.က.သ) မှ သိရသည်။

'' လမ်းကြောင်းတစ်ကြောင်းတည်းကို ကျောင်းကားသုံးစီးနဲ့ ကနဦး စမ်းသပ်ပြေးဆွဲပေးသွားမှာပါ၊ မန္တလေးတက္ကသိုလ်ကနေ ရတနာပုံတက္ကသိုလ်ထိ လမ်းကြောင်း သတ်မှတ်ထားပါတယ်၊ လမ်းကြောင်းပေါ်က အနီးစပ်ဆုံး နေရာတွေကလည်း စောင့်ပြီး စီးလို့ရပါတယ်၊ လက်ရှိ ယာဉ်စီးခက တစ်လကို တစ်သောင်းခွဲလောက်တော့ ကျသင့်မှာပါ၊ စမ်းသပ်ကာလပြီးနောက်ပိုင်း ဈေးနှုန်း အပြောင်းအလဲရှိနိုင်သလို လပေး အစီအစဉ်လည်း ရှိနိုင်ပါတယ် '' ဟု ရတနာပုံကျောင်းသားသမဂ္ဂ (ရ.တ.က.သ) အလုပ်အမှုဆောင် ကိုဇေလင်းမောင်က ပြောသည်။

လက်ရှိ ရတနာပုံတက္ကသိုလ်တွင် ဖယ်ရီကားအများစုသည် လိုက်ထရပ်ကားများဖြင့် ပြေးဆွဲနေပြီး စီးနင်းရာတွင်အဆင်ပြေမှုမရှိသော ကျောင်းသားကျောင်းသူများအတွက် သင့်တင့်သောနှုန်းထားဖြင့် သက်တောင့်သက်သာ စီးနင်း နိုင်စေရန်အတွက် ကျောင်းကားပြေးဆွဲခြင်းကို စီစဉ်ခြင်းဖြစ်သည်။

စမ်းသပ်ပြေးဆွဲမည့် ကျောင်းကားတစ်စီးလျှင် လူ၂၅ ဦး စီးနိုင်မည်ဖြစ်ပြီး ယာဉ်စီးခကို တစ်ခါစီးလျှင်  ၃၀၀ ကျပ် သတ်မှတ်ထားသည်။ ယာဉ်ထွက်ချိန်များမှာ  နံနက် ၇ နာရီမှ ၉ နာရီအထိ နာရီဝက်ခြားတစ်စီး ပြေးဆွဲသွားမည်ဖြစ်ပြီး အပြန်ပြေးဆွဲမှုတွင် နေ့လည်၂ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ နာရီဝက်ခြားတစ်ခါ  ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ကျောင်းကားလမ်းကြောင်းမှာ တစ်ကြောင်းတည်းဖြစ်ခြင်း၊ အကြိုအပို့ အစီအစဉ် မပါခြင်းတို့ ကြောင့် မိန်းကလေးများအတွက် အခက်အခဲရှိကြောင်း၊ ရတနာပုံတက္ကသိုလ်တွင်   ကျောင်းသားဦးရေ   သောင်းချီရှိရာ ကျောင်းကားစီးချင်သူအားလုံး စီးခွင့်ရအောင် စီစဉ်ပေးစေချင်ကြောင်း၊ စမ်းသပ်ကာလပြီးနောက်တွင်လည်း သင့်တင့်တဲ့ဈေးနှုန်းသာ ဖြစ်စေချင်ကြောင်း ရတနာပုံတက္ကသိုလ် မှ ကျောင်းသားကျောင်းသူများက လူမှုကွန်ယက်စာမျက်နှာတွင် အကြံပြုထားသည်ကိုလည်း တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required