အသက် ၉၀နှစ် အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့မှု စတင်

အသက် ၉၀နှစ် အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့မှု စတင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပျဉ်းမနားမြို့ရှိ အသက်(၉၀)နှစ်အထက် အဘိုးတစ်ဦးအား ထောက်ပံ့ငွေ ပေးအပ်စဉ်(ဓာတ်ပုံ- လူ/ကယ်/ပြန်)

နေပြည်တော်(ဇွန် ၁၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ တစ်နိုင်ငံလုံးရှိ အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးရွယ်အို ဘိုးဘွားများအား တစ်ဦးလျှင် လစဉ် ကျပ်(၁)သောင်းနှုန်း ထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့မှုအစီအစဉ်ကို ယမန်နေ့က စတင်လိုက်သည်။

အဆိုပါ လူမှုရေးပင်စင် ထောက်ပံ့မှုအစီအစဉ်ကို သက်ကြီးရွယ်အိုဆိုင်ရာဥပဒေနှင့်အညီ လက်ရှိ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ကနဦးအနေဖြင့် ဧပြီ၊ မေ၊ ဇွန်လများအတွက် တစ်ဦးလျှင် ကျပ်(၃)သောင်းကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။

တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အသက်(၉၀)နှစ်အထက် ဘိုးဘွားများအား ရပ်ကျေးဥက္ကဌ၊ ရပ်မိရပ်ဖနှင့် အခြေခံပညာ ကျောင်းဆရာမတို့ပါဝင်သော (၃)ဦးအဖွဲ့မှ ကနဦး (၃)လစာ ထောက်ပံ့ငွေကို ဇွန်လ နောက်ဆုံးပတ်အတွင်း ဘိုးဘွားများ လက်ဝယ်သို့ အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့မည်ဖြစ်သည်။

ကျန်လများအတွက် (၃)လ (၁)ကြိမ် ထောက်ပံ့ပေးရန် စီစဉ်ထားသော်လည်း တစ်လတစ်ကြိမ် ထောက်ပံ့နိုင်ရေးကို ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေရှည်တွင် အသက် သတ်မှတ်ချက်ကို လျော့ချသွားမည်ဖြစ်ပါကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required