မင်္ဂလာတောင်ညွှန့်ဖြစ်စဉ်အမှု လာမည့်ရုံးချိန်းတွင် လိုပြသက်သေ စစစ်ဆေးမည်

မင်္ဂလာတောင်ညွှန့်ဖြစ်စဉ်အမှု လာမည့်ရုံးချိန်းတွင် လိုပြသက်သေ စစစ်ဆေးမည်

ရန်ကုန်၊ ဇွန် ၁၆ ။           ။ မင်္ဂလာတောင်ညွန့်ပဋိပက္ခတွင် ပါဝင်သူ ၅ ဦး အမှုနှင့် ပတ်သက်ပြီး လာမည့် ဇွန်လ တတိယပတ် ရုံးချိန်းတွင် လိုပြသက်သေကို စတင်စစ်ဆေးတော့မည်ဟု ၎င်းတို့ဘက်မှ အမှုလိုက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးအေးပိုင်က မဇ္ဈိမသို့ ပြောသည်။

" သံဃာတော် နှစ်ပါးမလာတဲ့အတွက် ဥပဒေအရဆိုရင် ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ဆောင်ရွက်ဖို့တရားသူကြီးက ကြားဖြတ်အမိန့်ချထားပါတယ်။ လာမယ့် ၂၇ ရက်နေ့ ၁၀ နာရီမှာတော့ တရားလိုဖြစ်တဲ့ မြို့နယ်မှူးကို စစစ်မယ် " ဟု ၎င်းက ပြောဆိုသည်။

ဦးဆောင်သူဟု ရဲတပ်ဖွဲ့က ယူဆ၍ ဖမ်းဝရမ်းအထုတ်ခံထားရသူ မင်္ဂလာတောင်ညွန့်မြို့နယ်နေ ကိုလတ်(ခ) တင်ထွဋ်ဇော်နှင့် ဇနီး မအောင်အောင်မြင့်၊ တင်လင်းထိုက်၊ တင်ဌေးအောင်၊ မြတ်ဘုန်းမိုရ်တို့ ၅ ဦးကို ယနေ့ (ဇွန် ၁၆) တွင် ရုံးထုတ် ချုပ်ရက်ယူခဲ့ခြင်းဖြစ်သည်။

ဖမ်းဝရမ်းအထုတ်ခံထားရသူ ၇ ဦးအနက် သံဃာတော် နှစ်ပါးဖြစ်သည့် ဆရာတော် ဦးသုစိတ္တ၊ ဦးပညာဝံသ တို့ ကျန်ရှိနေသည့်အတွက် အမှုစစ်ဆေးရန် ထပ်မံ ရုံးချိန်း ယူရခြင်းဖြစ်သည်။

" မှင်နီသက်သေတွေကို၊ မှင်နီသက်သေဆိုတာ ဆရာတော် နှစ်ပါး မတွေ့ဘူး၊ မရှိဘူး မရှိတဲ့အတွက် မရှိကြောင်းသက်သေတွေကို တရားရုံးကနေဆက် ဆောင်ရွက်ပါလိမ့်မယ်။ ဆရာတော် နှစ်ပါးကိစ္စကို ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ ထားမှာ ဖြစ်ပါတယ်။ ဒီတိုင်းထားလိုက်မယ် ကျန်တဲ့လူကိစ္စတွေကို သီးခြားဆက်စစ်မယ် " ဟု တရားလွှတ်တော်ရှေ့နေ ဦးအေးပိုင်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂ ရက်တွင် တင်လင်းထိုက်၊ တင်ဌေးအောင်(ခ) အကြီးကောင် နှင့် မြတ်ဘုန်းမိုရ်တို့ မင်္ဂလာတောင်ညွှန့်မြို့နယ် တရားရုံး၌ အာမခံလျှာက်ထားခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

ဖမ်းဝရမ်းအထုတ်ခံထားရသည့် လူ ၅ ဦးနှင့် သံဃာတော် နှစ်ပါးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ဂ)၊ ပုဒ်မ ၃၄ တို့ဖြင့် မင်္ဂလာတောင်ညွန့် မြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး ခင်မောင်ဦးက တရားလိုပြုပြီး အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required