လမ်းမြေပြိုကျမှုကြောင့် ရခိုင်ပြည်နယ်အတွင်း သွားလာရေးအခက်အခဲရှိ

လမ်းမြေပြိုကျမှုကြောင့် ရခိုင်ပြည်နယ်အတွင်း သွားလာရေးအခက်အခဲရှိ
ဓာတ်ပုံ - ပြည်ချစ်/RiA

စစ်တွေ၊ ဇွန် ၁၆ ရက်။           ။ ရခိုင်ပြည်နယ်နှင့် ရန်ကုန်မြို့အပြင် တခြားသေများသို့ ပြေးဆွဲလျှက်ရှိသည့် အဝေးပြေးကား လိုင်းများအား ပြန်လည်ပြေးဆွဲနေပြီဖြစ်သော်လည်း လမ်းမြေပြိုကျမှုများကြောင့် ကားများသွားလာရေး အခက်အခဲ ရှိနေကြောင်း သိရသည်။

ယခုအပါအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မိုးကြီးရေလျှံမှုဖြစ်ပွားကာ လမ်းပိတ်ဆို့မှုများ၊ လမ်းရေကျော်မှုများနှင့် လမ်းမြေပြိုမှုများ ဖြစ်ပွားခဲ့သည့်အတွက် အမ်းတောင်ကြားလမ်း၊   တောင်ကုတ်တောင်ကြားလမ်းနှင့် အမ်း-မအီတောင်ကြား လမ်းတို့တွင် ယာဉ်လိုင်းများပြေးဆွဲမှုကို ယာယီရပ်နားထားခဲ့ရာမှ ဇွန်လ ၁၅ ရက်နေ့တွင် ပြန်လည်ပြေးဆွဲနေပြီဖြစ်သော်လည်း လမ်းပိုင်းတချို့ပျက်စီးနေသည့်အတွက် ကားများသွားလာရန် အခက်အခဲရှိနေသေးခြင်းဖြစ်သည်။

“ကားလိုင်းတွေကို မနေ့ကနေ စပြီးပြန်ဆွဲနေပါပြီ။ လမ်းပျက်တာတွေတော့ တော်တော်များများ တွေ့ရပါတယ်။ မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်တွေမှာ ပျက်စီးမှုတွေများပါတယ်။ လမ်းတွေကိုရေကျော်ပြီး   တောင်မြေပြိုသွားအတွက် ကြာအင်းတောင်လမ်းပိုင်းနဲ့ ကဇူးကိုင်းလမ်းပိုင်းတွေမှာ လမ်းတွေ ပဲ့သွားတဲ့အတွက် ခက်ခက်ခဲခဲ သွားလာနေကြရပါတယ်”ဟု ကိုယ်တိုင်သတင်းသွားယူနေသည့် RiA သတင်းထောက် ပြည်ချစ်က ပြောသည်။

ထို့ကြောင့် ခရီးစဉ်များပြတ်တောက်မှု မဖြစ်စေရန်အတွက် ကားလိုင်းများကို ပြန်လည် ပြေးဆွဲပေးနေသော်လည်း လမ်းပျက်စီးမှုများအား ပြုပြင်ရန်အခက်အခဲများရှိနေသည့်အတွက် ခရီးသည်များလမ်းလျှောက်သွားလာနေကြပြီး ခရီးချိန်ကြန့်ကြာမှုများရှိနေကြောင်း သိရသည်။

ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမ (အမ်းတောင်ကြားလမ်း) မှာ ရခိုင်ဒေသအတွင်း အသုံးပြုမှု အများဆုံးလမ်းမတစ်ခု ဖြစ်ကာ ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးယာဉ်များ တစ်ရက်လျှင် အစီးရေ ၆၀ ဝန်ကျင်အထိ သွားလာမှုပြုနေသည့် လမ်းလည်းဖြစ်ပြီး သွားလာရေးအဆင်ပြေစေရန်အတွက် အမ်း-ကြာအင်းတောင်လမ်းပိုင်း မိုင်တိုင်အမှတ် ၂၈/ဝ-၂၈/၁ ရှိ မြေပြိုသွားသည့်နေရာအား ယာယီဘေလီတံတားထိုးရန် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly