ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲဝင်မည့် ဂျာမနီအသင်း ရုရှားတွင် လေ့ကျင့်ခန်းစတင်ပြုလုပ်

ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲဝင်မည့် ဂျာမနီအသင်း ရုရှားတွင် လေ့ကျင့်ခန်းစတင်ပြုလုပ်

ဇွန် ၁၆၊ ရုရှား ။            ။ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲဝင်မယ့် ကမ္ဘာ့ဖလားချန်ပီယံဂျာမနီအသင်းဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ နေ့လည်ပိုင်းက ရုရှားနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး   နောက်တစ်နေ့နံနက်မှာ လေ့ကျင့်ခန်းစတင်ပြုလုပ်ခဲ့ပါတယ်။

ဂျာမနီနည်းပြ ဂျိုအာချင်လိုဟာ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲဝင်မယ့် ဂျာမနီအသင်းအတွက် လူငယ်ကစားသမားများကိုသာ ရွေးချယ်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

လက်ရှိဂျာမနီအသင်းမှာ နာမည်ကြီးကစားသမားအဖြစ် ပီအက်စ်ဂျီတိုက်စစ်ကစားသမား ဒရက်စ်လာနှင့် အာဆင်နယ်နောက်ခံလူ မူစတာဖီတို့လောက်သာ ပါဝင်တာကြောင့် ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးကော်မတီ အကြီးအကဲ ဆိုရိုကင်ကလည်း ဝေဖန်ခဲ့ပါတယ်။

ဒါပေမဲ့ ဂျာမနီနည်းပြ ဂျိုအာချင်လိုကတော့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် သူ့အသင်းရဲ့အဓိက ကစားသမားတွေအားလုံး အနားယူဖို့လိုနေတာကြောင့် လူငယ်၊ လူသစ်တွေကိုသာ ရွေးချယ်ခဲ့ရတာလို့ ကာကွယ်ပြောဆိုထားပါတယ်။

ဂျာမနီအသင်းမှာ ကမ္ဘာ့ဖလားအောင်ပွဲရ အဓိက ကစားသမားတွေဖြစ်တဲ့ အိုလ်ဇေး၊ တိုနီခရုစ်၊ ဘိုတန်၊ မူလာ၊ ဟမ်မဲလ်တို့ မပါဝင်သလို ဂိုးသမားနျူအာ၊ မာကိုရုစ်၊ ဆာနေးနဲ့ ဂေါ့ဇီတို့ကလည်း ဒဏ်ရာရနေကြတာကြောင့် ပါဝင်နိုင်ခြင်းမရှိခဲ့ကြပါဘူး။

ဂျာမနီအသင်းဟာ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲကို သုံးကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်က အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီး ၂၀၀၅ ခုနှစ်တုန်းကတော့ တတိယရရှိခဲ့ပါတယ်။ ယခုနှစ်ပြိုင်ပွဲမှာတော့ ဂျာမနီတို့ဟာ အုပ်စု(ဘီ)မှာ ကင်မရွန်း၊ ချီလီ၊ သြစတြေးလျတို့နဲ့ တစ်အုပ်စုတည်း ကျရောက်လျက်ရှိနေပြီး လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာတော့ သြစတြေးလျအသင်းနဲ့ပွဲဦးထွက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ရည်ညွှန်း ဖီဖာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly