လိပ်ကျွန်းအမှု အယူခံအတွက် အချိန်တစ်လ တိုးမြှင့် တောင်းဆိုမှု ထိုင်းတရားရုံးမှ လက်ခံ

လိပ်ကျွန်းအမှု အယူခံအတွက် အချိန်တစ်လ တိုးမြှင့် တောင်းဆိုမှု ထိုင်းတရားရုံးမှ လက်ခံ
ဓာတ်ပုံ-EPA
 

ချင်းမိုင်၊ဇွန်လ ၁၅  ။             ။ သေဒဏ် ကျခံနေရသော မြန်မာနိုင်ငံသား နှစ်ဦးအမှု အယူခံတင်ရန်အတွက် မြန်မာအစိုးရဘက်မှ သေချာစီစစ်မှုများ ပြုလုပ်လိုသဖြင့် ၄ ကြိမ်မြောက် အချိန် တစ်လ ထပ်မံ တိုးမြှင့်တောင်းဆိုမှု ထိုင်းတရားရုံးက လက်ခံလိုက်သည်။

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုဖြင့် မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား သေဒဏ်ချမှတ်ခဲ့သည့် မူလ တရားရုံးဖြစ်သော ကော့စမွီတရားရုံးတွင် အယူခံတင်သွင်းမည့် အချိန် တစ်လ တိုးမြှင့် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

မူလက ဇွန်လ ၂၃ ရက်နေ့မတိုင်မီ ထိုင်းနိုင်ငံ အမြင့်ဆုံး ဗဟိုတရားရုံးချုပ်သို့ တင်သွင်းသွားရန်ဖြစ်သော်လည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကလည်း အမှုနှင့် ပတ်သက်၍ အသေးစိတ် ပြန်လည် ဆွေးနွေးလိုသဖြင့် အချိန် တစ်လ ထပ်မံ တိုးမြင့်တောင်းဆိုရခြင်း ဖြစ်သည်ဟု မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“ကျွန်တော်တို့ အယူခံရက် တစ်လ ထပ်တိုးတောင်းပါတယ်။ မနေ့က မေလ ၁၅ ရက်က တရားရုံးကို တင်တဲ့အခါမှာ ၂၁ ရက် ၇ လ၂၀၁၇ အထိ အယူခံရက်တိုး ရပါတယ်။ အခုဟာက   နောက်ဆုံးအဆင့်မြှင့်ဆုံးနဲ့ နောက်ဆုံးအယူခံတက်ရမှာမလို့ တကယ် အချက်အလက် ပြည့်စုံအောင်လုပ်ဖို့ လိုပါတယ်။ နောက်တချက်က ထိုင်းမှာရောက်နေတဲ့ မြန်မာသံအမတ်က အသစ်ပါ၊ အသစ်ဆိုတော့ ဒီအမှုနဲ့ ပတ်သက်လို့ သေသေချာချာ လေ့လာပြီးတော့မှ ထိုင်းရှေ့နေများကောင်စီနဲ့ ပြန်လည် ဆွေးနွေးမှု လုပ်ချင်ပါသေးတယ်။ အဲဒီအချက်ကိုလည်း အချိန်ယူတဲ့ သဘောလည်းပါပါတယ်”ဟုရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အယူခံ ပယ်ချခံရပြီးနောက် ဧပြီ၊ မေ၊ ဇွန်လထိ အချိန်တိုးမြင့်တောင်းဆိုခဲ့ရာမှ ယခုတောင်းဆိုမှုသည် ၄ ကြိမ်မြောက် တောင်းဆိုခြင်း ဖြစ်သည်။  

လာမည့် ဇူလိုင်လ ၂၁ ရက်နေ့ မတိုင်မည် နောက်ဆုံး အယူခံ တင်သွင်းနိုင်မည်ဟု မျော်လင့်ကြောင်း သူက ပြောသည်။

ပြီးခဲ့သည့် မေလ ၅ ရက်နေ့က လိပ်ကျွန်းအယူခံအတွက် DNA ကွဲလွဲမှုအပေါ် စာမျက်နှာ ၇ မျက်နှာပါ အကြံပြုချက်ကို ပြည်ထောင်စု မြန်မာနိုင်ငံမှ ဥပဒေအကြံပေးအဖွဲ့မှ ထိုင်းနိုင်ငံဆိုင်ရာ   မြန်မာသံရုံးမှတဆင့် ထိုင်းရှေ့နေများကောင်စီသို့ ပေးပို့ခဲ့ပြီးဖြစ်သည်။ ၎င်းအကြံပြုချက်အပေါ် မူတည်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“မြန်မာနိုင်ငံရဲ့ ကိုယ်စားဖြစ်တဲ့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ အကြံပြုချက်တဲ့ အင်္ဂလိပ်လို့ ရေးတဲ့ စာမျက်နှာ ၇ မျက်နှာကတော့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေတဆင့် ထိုင်းရှေ့နေများကောင်စီကို ပြီးခဲ့တဲ့ လ ၅ ရက်နေ့က ပို့ပြီးပါပြီ။ အဲအပေါ်မှာ မူတည်ပြီးတော့ ဘယ်အချက်တွေက အယူခံမှာ တင်မယ်ဆိုတာ ဆောင်ရွက်နေပါတယ်။ အဓိက DNA ကွဲလွဲချက်ပါပဲ”ဟု သူက ပြောသည်။

မြန်မာနိုင်ငံ ပြည်ထောင်စု ဥပဒေချုပ်ရုံး ညွန်ချုပ် ဒေါ်ခင်ချိုအုန်း ဦးဆောင်၍ ၊ CID မူခင်းဌာနမှ မူခင်းဆိုင်ရာ ကျွမ်းကျင်သူ ရဲမှူးကြီး ဦးစိုးနိုင်တို့ပါဝင်သော ဥပဒေအကြံပေးအဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိလာပြီး စာမျက်နှာ ၄၀၀၀ ကျော်ပါ အမှုတွဲများနှင့် အယူခံ တရားရုံး၏ ဆုံးဖြတ်ချက်များကို ထိုင်းရှေ့နေများကောင်စီနှင့် ပြန်လည် ဆွေးနွေးသုံးသပ်ခဲ့ပြီးနောက် အယူခံအတွက် အကြံပြုချက်ကို ထိုင်းရှေ့နေများကောင်စီသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

သေဒဏ်ကျ ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့နှစ်ဦးဘက်မှ မြန်မာသံရုံး၊ ထိုင်းရှေ့နေများကောင်စီတို့က ၂၀၁၆ ခုနှစ် မေလက အယူခံ တင်သွင်းမှု အပေါ် ထိုင်းအစိုးရ အယူခံတရားရုံးက ၂၀၁၇ ခုနှစ် မတ် ၃၁ ရက်နေ့က ပယ်ချခဲ့ပြီး ယခု နောက်ဆုံး အယူခံအတွက် ပြင်ဆင်နေခြင်း ဖြစ်သည်။

ဗြိတိန်နိုင်ငံသား အသက် ၂၄ နှစ်အရွယ် ဒေးဗစ်မေလာနှင့် အသက် ၂၃ နှစ်အရွယ် ဟန်နာဝစ်သာရစ်တို့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ညက လိပ်ကျွန်းတွင် အသတ်ခံရပြီး ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ဖမ်းဆီးကာ လူသတ်မှု အပါအဝင် အမှု ၇ မှုဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required