မြောက်ကိုရီးယားက ပြန်လွှတ်သော အမေရိကန်ကျောင်းသားမှာ ဦးနှောက်အာရုံကြောပိုင်း ဆိုးဆိုးဝါးဝါး ပျက်စီးနေ

မြောက်ကိုရီးယားက ပြန်လွှတ်သော အမေရိကန်ကျောင်းသားမှာ ဦးနှောက်အာရုံကြောပိုင်း ဆိုးဆိုးဝါးဝါး ပျက်စီးနေ

ပြုံယမ်း၊ ဇွန် ၁၆ ။          ။ မြောက်ကိုရီးယားနိုင်ငံက ဖမ်းဆီးထားရာမှ ပြန်လွှတ်ပေးလိုက်သော ကိုမားဝင်နေသည့် အသက် ၂၂ နှစ်အရွယ် အမေရိကန်ကျောင်းသား အော့တိုဝမ်ဘီးယား၏ ဦးနှောက်ပိုင်းဆိုင်ရာ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးမှု ဖြစ်စေသည့် အကြောင်းရင်းကို မသိရှိရသေးကြောင်း ကုသမှုပေးနေသော ဆရာဝန်များက ဆိုသည်။

အော့တိုသည် လူက နိုးထနေသော်လည်း တုံ့ပြန်မှု အလျဉ်းမရှိသော အခြေအနေမျိုး ဖြစ်နေကြောင်း အာရုံကြောပါရဂူ ဒန်နီယယ်ကန်တာက အော်တို၏ မွေးရပ်မြို့ အိုဟိုင်းယိုပြည်နယ် စင်စင်နာတီတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“သူဟာ မျက်လုံးဖွင့်ထားတယ်။ မျက်တောင် ခတ်တာမျိုးလည်း ရှိတယ်။ ဒါပေမယ့် စကားပြောဆိုသံတွေ၊ ဆက်ဆံပြောဆိုမှုတွေနဲ့ သူဘေးတစ်ဝိုက်ဖြစ်ပျက်နေတာတွေကို နားလည်တဲ့ လက္ခဏ မရှိတော့ဘူး။”ဟု ၎င်းက ဆိုသည်။

MRI စက္ကရင်ဓာတ်မှန် ရိုက်ကြည့်ရာတွင် အော့တို၏ ဦးနှောက်နယ်ပယ်အားလုံးရှိ ဦးနှောက်တစ်သျှူးများ ဆိုးဆိုးဝါးဝါး ဆုံးရှုံးမှုရှိနေသည်ကို တွေ့ရကြောင်း ကန်တာက ပြောသည်။

မြောက်ကိုရီးယားဖက်က ရှင်းလင်းချက်ပေးထားသည့် Botulism အဆိပ်သင့်ဝေဒနာတစ်မျိုး ခံစားနေရခြင်းသာ ဖြစ်သည်ဆိုခြင်းအတွက် သက်သေရှာမတွေ့ကြောင်း အော့တိုအား ကုသပေးနေသည့် ဆေးပညာရှင်အဖွဲ့က ဆိုသည်။

အော့တိုသည် မြောက်ကိုရီးယားနိုင်ငံအတွင်း ၂၀၁၆ ခုနှစ် မတ်လက ဟိုတယ်တစ်ခု၌ ကပ်ထားသည့် နိုင်ငံရေးကြေညာစာတမ်းတစ်ခုအား ဖြုတ်ချပစ်ခဲ့ခြင်းအတွက် ဖမ်းဆီးပြစ်ဒဏ်ခံရပြီး အချိန်တိုအတွင်း ယခုကဲ့သို့ ကိုမားဆန်သော ရောဂါမျိုး ဖြစ်ပွားခြင်းဖြစ်သည်။

“သူ့ရဲ့ အာရုံကြောပိုင်း ခုလို ကြီးကြီးမားမား ချို့ယွင်းရတဲ့ အကြောင်းရင်းကို ကျွန်တော်တို့ သေချာ မပြောနိုင်သေးပါဘူး။”ဟု ကန်တာက ပြောခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly