မြန်မာနိုင်ငံရေဘေးအတွက် ဘတ် ငါးသန်း ထိုင်းအစိုးရ လှူဒါန်းမည်

မြန်မာနိုင်ငံရေဘေးအတွက် ဘတ် ငါးသန်း ထိုင်းအစိုးရ လှူဒါန်းမည်

ရေကြီးမှုဘေးဒုက္ခကျရောက်နေသည့် မြန်မာနိုင်ငံအတွက် ကူညီရန် ထိုင်းဘတ်ငွေ ငါးသန်းကို ယနေ့ သြဂုတ် ၄ ရက်တွင် ပေးအပ်လှုဒါန်းမည်ဖြစ်ကြောင်း လက်ထောက်အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဝီရာချောင်ဆူခွန်သာပါတီပတ်က သြဂုတ် ၃ ရက်က ပြောကြားသည်။

ထိုင်းနိုင်ငံမှ မြန်မာသံအမတ်ကြီးက အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ ရေဘေးဒုက္ခတွင် အကူအညီများ ပေးနိုင်ရေးအတွက် ရေကြီးမှုအခြေအနေများနှင့် ပြည်သူတို့၏ လိုအပ်မှုအဝဝတို့ကို ရှင်းလင်းပြောကြားသွားမည် လည်းဖြစ်သည်။

ရေဘေးသင့် မြန်မာနိုင်ငံမှ ပြည်သူများအတွက် အကူအညီများ ပေးပို့ရာတွင် လွယ်ကူအဆင်ပြေစေရေး ချင်းရိုင်ပြည်နယ် မြန်မာ-ထိုင်းနယ်စပ်တွင် အလှုခံစင်တာတစ်ရပ်ကို ဖွင့်လှစ်ထားပြီးဖြစ်သည်။

အဆိုပါစင်တာကို ထိုင်း-မြန်မာနယ်စပ်မြို့နယ်အဆင့်ကော်မတီ TBC နှင့် ထိုင်း-မြန်မာယဉ်ကျေးမှုနှင့် စီးပွားရေးကောင်စီ ချင်းရိုင်ရုံးတို့က ပူးပေါင်းကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

"မြန်မာနိုင်ငံက TBC တာဝန်ခံတွေကနေတစ်ဆင့် အစိုးရနဲ့ ပြည်သူတွေဆီက စားနပ်ရိက္ခာနဲ့ ကယ်ဆယ်ရေး လိုအပ်ပစ္စည်းတွေကို တိုက်ရိုက်အလှုကောက်ခံသွားမှာပါ။" ဟု TBC ၏ ညှိနှိုင်းရေးမှူးလည်းဖြစ်သူ ဗိုလ်မှူးပွန်တွမ်ပန်ပီကွန် က သြဂုတ် ၃ ရက်ကပြောခဲ့သည်။

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကလည်း မဲဟောင်ဆောင်ခရိုင် Sop Moei ဒေသက ရေဘေးသင့် ပြည်သူများ အတွက် အခြေခံလိုအပ်သည့် ဆေးဝါး ၃၀၀၀၀ ကို သြဂုတ် ၃ ရက် ပေးပို့ခဲ့ပြီး အရန်ဆေးဝါးကို ၅၀၀၀၀၀ ကိုလည်း အသင့်ထားရှိကြောင်း လက်ထောက်ဝန်ကြီးဖြစ်သူ ဒေါက်တာအမ်နုအိုင်းဂါဂျီနာကပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly