မကွေးတိုင်းအတွင်းရှိ သစ်ပင်ငါးရာကျော် ခုတ်လှဲမည့်အစီအစဉ်အား ခေတ္တရပ်ဆိုင်းထား

မကွေးတိုင်းအတွင်းရှိ သစ်ပင်ငါးရာကျော် ခုတ်လှဲမည့်အစီအစဉ်အား ခေတ္တရပ်ဆိုင်းထား
ဓာတ်ပုံ မြတ်သူစိုး

မင်းဘူး၊ ဇွန်လ ၁၅ ။             ။ မကွေးတိုင်းဒေသကြီးအတွင်းရှိ မင်းဘူး-ပွင့်ဖြူ-စလင်း-တညောင်ကားလမ်းချဲ့ရန်အတွက် လမ်းအကျယ် ၃၄ ပေအတွင်းရှိ သစ်ပင်ပေါင်း ၅၆၅ ပင် ခုတ်လှဲသွားမည်ကို ဇွန် ၁၄ ရက်နေ့က တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ခေတ္တရပ်ဆိုင်းထားကြောင်း သိရသည်။

လမ်းချဲ့ရန် သစ်ပင်များ ခုတ်လှဲခွင့်ပြုရန် ကောင်းမွန်ကုမ္ပဏီ အနေဖြင့့််မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ပြီးခဲ့သည့် ၂၀၁၆ခုနှစ်တွင် တင်ပြခဲ့ပြီး အစိုးရအဖွဲ့၏ နှုတ်ဖြင့်လမ်းညွှန်မှုအရ ခုတ်လှဲမည့်သစ်ပင်များ နှင့် ပြန်လည်စိုက်ပျိူးမည့်သစ်ပင်များအား အတည်ပြုထားပြီးဖြစ်ကြောင်း တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ သိရသည်။

မင်းဘူး ပွင့်ဖြူ စလင်း တညောင်လမ်းပိုင်းတွင် မကွေး-မင်းဘူး - ပွင့်ဖြူအထိ ၂၉ မိုင်အား ၂၀၁၃ခုနှစ်မှ စတင်၍ နှစ် ၄၀ BOT စနစ်ဖြင့် ကောင်းမွန်(မကွေး)ဆောက်လုပ်ရေး ကုမ္ပဏီမှ လုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။

“မနေ့က တိုင်းသစ်တောဦးစီးဌာနက သစ်ပင်တွေခုတ်တာ ယာယီရပ်ဆိုင်းထားပေးဖို့ အကြောင်းကြား လာတဲ့အတွက် ကောင်းမွန်(မကွေး) ဆောက်လုပ်ရေးကုမ္ပဏီကို အသိပေးအကြောင်းကြားထားပါတယ်” ဟု မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ဦးစီးအရာရှိ(စီမံ)က မဇ္ဈိမသို့ပြောသည်။

သစ်ပင်ခုတ်၍လမ်းချဲ့မှုအပေါ် ဖေ့ဘွတ်ခ်လူမှုကွန်ရက်စာမျက်နာပေါ်တွင် ဝေဖန်မှုများရှိနေကြောင်း တွေ့ရပြီး  အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် တိုင်းအစိုးရနှင့် ညှိနှိုင်းရန် စီစဉ်နေကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး လူငယ်ကွန်ရက်မှ ကိုမြတ်သူစိုးက “ကျွန်တော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့ တိုင်းအစိုးရဆီသွားပြီး ညှိနှိုင်းမှုတွေ လုပ်ဖို့စီစဉ်နေပါတယ်။ ကွင်းဆင်းကြည့်တဲ့ အနေအထားအရ တချို့နေရာတွေမှာ ခုတ်ထားပြီးတဲ့ အပင်(၃၀)ကျော် တွေ့ခဲ့ရပါတယ် ” ဟု ပြောသည်။

အဆိုပါ သစ်ပင်များ ခုတ်လှဲမှု ခေတ္တရပ်ဆိုင်းထားရန်မှာ  ဟုတ်မှန်ကြောင်း ကောင်းမွန်(မကွေး) ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဟုတ်ပါတယ် မနေ့က သစ်တောက အပင်တွေ ဆက်မခုတ်ဘို့ ယာယီတားထားပါတယ် ။ ကျွန်တော်တို့က မင်းဘူး ပွင့်ဖြူလမ်းပိုင်း ၂၃ပေအတွင်းရှိ သစ်ပင်တွေခုတ်ဖို့ ကားကြီးတွေ သွားရင် မလွတ်တဲ့ အပင်တွေရဲ့ ကိုင်းတွေခုတ်ဖို့ တိုင်းဒေသကြီးရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်လုပ်ကိုင်နေတာပါ ။ အခုကလည်း ယာယီပါ သစ်တောနဲ့ ညှိနှိုင်းပြီး ခုတ်သင့်တဲ့အပင်ခုတ် ကိုင်းတွေခုတ်ပေါ့ ။ ပြီးတော့  ပြန်စိုက်သင့်တဲ့ အပင်တွေ ပြန်စိုက်ပေးဖို့ တိုင်းအစိုးရရဲ့ ခွင်ပြုမှုအတိုင်း ဆောင်ရွက်သွားမှာပါ” ဟု ကောင်းမွန်(မကွေး)ဆောက်လုပ်ရေး ကုမ္ပဏီမှ AE ဦးတင်ဝင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly