World Beauty Queen ပြိုင်ပွဲကို မြန်မာနိုင်ငံ မှ ပထမဆုံးအကြိမ် ၀င်ရောက် ယှဉ်ပြိုင်မည်

World Beauty Queen ပြိုင်ပွဲကို မြန်မာနိုင်ငံ မှ ပထမဆုံးအကြိမ် ၀င်ရောက် ယှဉ်ပြိုင်မည်
ဓာတ်ပုံ-Benadeth Ja Dim Kai ဖေ့ဘွတ်ခ်

ရန်ကုန် ၊ ဇွန် ၁၅ ။            ။ Miss Universe Myanmar 2017 ပြိုင်ပွဲတွင် 2nd runner up ရရှိခဲ့သည့် အလှမယ် ဂျာဒင်ကိုင် သည် ၂၀၁၇ ခုနှစ် ဇွန်လတွင် ကိုရီးယားနိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် World Beauty Queen ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပ ပြုလုပ်မည့် World Beauty Queen ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ် ဝင်ရောက် ယှဉ်ပြိုင်သည့် ပြိုင်ပွဲ တစ်ခုဖြစ်ပြီး Miss Universe Myanmar Organization မှ စေလွှတ် ခြင်း ဖြစ်သည်။

အလှမယ် ဂျာဒင်ကိုင်သည် Miss Universe Myanmar 2017 ပြိုင်ပွဲကို မြစ်ကြီးနားမြို့ ကိုယ်စားပြု အဖြစ် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး Top 5 ရွေးချယ်ရာတွင် ပါဝင်ခဲ့ကာ 2nd Runner up ဆုကို ဆွတ်ခူး ရရှိခဲ့ခြင်း ဖြစ် သည်။

World Beauty Queen ပြိုင်ပွဲ အတွက် အလှမယ် ဂျာဒင်ကိုင်သည် မြန်မာနိုင်ငံ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဇွန်လ (၁၉) ရက်တွင် Korea Airlines ဖြင့်ထွက်ခွာမည် ဖြစ်ပြီး ပြိုင်ပွဲနှင့် ပတ်သက်သည့် Activity များကို လုပ်ဆောင်သွားမည် ဖြစ်သည်။

အလှမယ် ဂျာဒင်ကိုင်သည် ဖခင် ဦးတူအောင်နှင့် မိခင် ဒေါ်ဂျာအောင်တို့မှ မွေးဖွားသည့် မွေးချင်း (၆) ဦး အနက် ပဉ္စမမြောက် သမီးဖြစ်ပြီး ပထမနှစ် (ဓာတုဗေဒ) ဘာသာရပ် တက်ရောက်လျက်ရှိသူ တစ်ဦး ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းဝင်တစ်ဦးဖြစ်ပြီး မယ်စကြာဝဠာအဖွဲ့အစည်းနှင့်အတူ လူမှုရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက် ရှိသည်။

World Beauty Queen ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် အလှမယ်ဂျာဒင်ကိုင် အတွက် ပြိုင်ပွဲဝင် ညနေခင်း ဝတ်စုံ နှင့် Nation Costume ဝတ်စုံများကို ဒီဇိုင်နာဇော်ဆိုင်း (Man made) မှ ဖန်တီး ချုပ်လုပ်ပေးသွား မည် ဖြစ်သည်။

အလှမယ် ဂျာဒင်ကိုင်သည် Miss Universe Myanmar 2017 ဇွန်သံစဉ် ၊ Miss Grand Myanmar 2017 ရွှေအိမ်စည် တို့နှင့်အတူ ဖိလစ်ပိုင် နိုင်ငံတွင် လေ့ကျင့်မှုများ သွားရောက် ပြုလုပ်ခဲ့ပြီး 2017 ခုနှစ်အတွင်း Miss Universe Myanmar Organization မှ ပထမဆုံး စေလွှတ် ယှဉ်ပြိုင်စေမည့် ပြိုင်ပွဲဝင် အလှမယ် တစ်ဦးဖြစ် သည်။

 World Beauty Queen ပြိုင်ပွဲကို ဇွန်လ (၃၀) ရက်တွင် ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly