ရေဘေးဒုက္ခတွင် မြန်မာနိုင်ငံ၏ တုံ့ပြန်လုပ်ဆောင်မှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂ ချီးကျုး

ရေဘေးဒုက္ခတွင် မြန်မာနိုင်ငံ၏ တုံ့ပြန်လုပ်ဆောင်မှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂ ချီးကျုး
ဓာတ်ပုံ-အီးပီအေ

လူသေဆုံးမှုများ များပြားသည့် ရေဘေးရင်ဆိုင်ကြုံတွေ့နေရမှုအပေါ် မြန်မာအစိုးရ၏ တုံ့ပြန်လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့ကြီးက ချီးကျုးခဲ့သည်။ 

လူဒါဇင်များစွာသေဆုံးကာ နိုင်ငံ၏ နေရာတော်တော်များများတွင် ပြည်သူ နှစ်သိန်းကျော်ထက်မနည်း ရေကြီးမှု ဘေးကို ရင်ဆိုင်တွေ့ကြုံနေရခြင်းအား အစိုးရနှင့် အဖွဲ့အစည်းများ၏ တုံ့ပြန်ဆောင်ရွက်ပေးမှုများနှင့် ပတ်သက်ကာ ကုလသမဂ္ဂက ချီးကျုးပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ စတီဖနီဒူဂျာရစ်က သြဂုတ် ၃ ရက်က ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံရောက် ကုလသမဂ္ဂမှ မြန်မာနိုင်ငံဆိုင်ရာလူသားချင်းစာနာထောက်ထားရေး ညှိနှိုင်းရေးမှူးဖြစ်တဲ့ အီမွန်မာဖီက လက်ရှိရေဘေးဒုက္ခအပေါ် ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြတဲ့ အစိုးရအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ စစ်တပ်တို့ရဲ့ အားထုတ်လုပ်ဆောင်မှုတွေ၊ လူမှုရေးအဖွဲ့တွေ၊ ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ ကြက်ခြေနီအဖွဲ့တွေရဲ့ လုပ်ဆောင်မှုတွေက ချီးကျုးလက်ခံစရာကောင်းကြောင်း ပြောခဲ့ပါတယ်။"ဟု ဒူဂျာရစ်က ပြောသည်။

ရေကြီးမှုအတွင်း သေဆုံးသူဦးရေကို မြန်မာအစိုးရထံမှ သတင်းအချက်အလက်များနှင့်ညှိကာ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေးညှိနှိုင်းဆောင်ရွက်ရေး OCHA က စာရင်းပြုစုခဲ့ကြောင်း ဒူဂျာရစ်က ပြောပြီး မုတ်သုံအဝင်ကြမ်းခြင်းနှင့် မိုးများသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးမှုများဖြစ်ပေါ်ရသည်ဟု ထပ်လောင်းပြောဆိုသည်။

ရေဘေးဒုက္ခအဆိုးဆုံးကြုံတွေ့နေသည့် နေရာများမှ ရေဘေးသင့်ပြည်သူ တစ်သိန်းခွဲကျော်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး WFP က တစ်လစာ ဆန်၊ ပဲ၊ ဆီ၊ ဆားနှင့် အခြားထောက်ပံ့မှုများကို ပေးပို့ကူညီလျက်ရှိနေကြောင်း ၎င်းကပြောသည်။

"မြန်မာနိုင်ငံက ကလေးသူငယ်တွေအတွက်က ဆင်းရဲချို့တဲ့စွာနေထိုင်ရသည့် အကျပ်အတည်းအပေါ် ရေကြီးမှုဘေးနဲ့ တစ်ခါထပ်ပြီးကြုံရလို့ နှစ်ဆဒုက္ခရောက်တာပါပဲ။ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေကြားမှာ နေထိုင်နေရတဲ့ ကလေးငယ်တွေအတွက် နှစ်ဆင့်ဒုက္ခကြုံတွေ့ရတာဖြစ်ကြောင်း ကုလသမဂ္ဂကလေးငယ်များရန်ပုံငွေအဖွဲ့ UNICEF က သတိပေးခဲ့တယ်။"ဟု ပြောရေးဆိုခွင့်ရှိသူ ဒူဂျာရစ်က ပြောခဲ့သည်။

ဇူလိုင်လနှောင်းပိုင်းတွင် မိုးများသည်းထန်စွာရွာသွန်းကာ ရေကြီးမှုများဖြစ်ပွားခြင်းဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုရှိ မြို့နယ်ပေါင်း ၄၂ မြို့နယ်တွင် ရေဘေးဒုက္ခများ ကြုံတွေ့နေရခြင်းဖြစ်သည်။ အိမ်များပျက်စီးခြင်း၊ လယ်ကွင်းများ၊ ရထားလမ်းများ၊ လမ်းတံတားများလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။
Ref: xinhua

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly