ကမ္ဘာ့လက်ဝှေ့လောကရဲ့ ဆုကြေးအမြင့်ဆုံးပွဲတစ်ပွဲအဖြစ် မေဝဲလ်သာနဲ့ မက်ဂရီဂေါ်တို့ သြဂုတ်လတွင် ထိုးသတ်မည်

ကမ္ဘာ့လက်ဝှေ့လောကရဲ့ ဆုကြေးအမြင့်ဆုံးပွဲတစ်ပွဲအဖြစ် မေဝဲလ်သာနဲ့ မက်ဂရီဂေါ်တို့ သြဂုတ်လတွင် ထိုးသတ်မည်

ဇွန် ၁၅၊ အမေရိကန် ။            ။ အမေရိကန်လက်ဝှေ့ကျော် မေဝဲလ်သာနဲ့ အိုင်ယာလန် ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေးသမား မက်ဂရီဂေါ်တို့ အမေရိကန်နိုင်ငံ၊ လတ်စ်ဗီးဂတ်မြို့မှာ လာမယ့် သြဂုတ်လ ၂၆ ရက်နေ့ ထိုးသတ်ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီပွဲဖြစ်မြောက်ဖို့ 2015 ခုနှစ်လောက်ကတည်းက တည်ခဲ့ကြပေမယ့် ထိုးသတ်ကြေးညှိနှိုင်းမရတဲ့အပြင် အခြားအခက်အခဲတွေကြောင့် ပွဲမဖြစ်ခဲ့ပေမယ့် အခုနောက်ဆုံးတော့ ထိုးသတ်ဖို့ ဖြစ်လာခဲ့ပါပြီ။

အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ မေဝဲလ်သာဟာ စူပါဖယ်သာဝိတ်တန်း၊ လိုက်ဝိတ်တန်း၊ လိုက်ဝယ်သာဝိတ်တန်း၊ ဝယ်သာဝိတ်တန်းနဲ့ လိုက်မစ်ဒယ်ဝိတ်တန်းတွေမှာ ချန်ပီယံဆုတွေ ရရှိထားတဲ့ ကမ္ဘာကျော်လက်ဝှေ့သမားဖြစ်ပါတယ်။ သူ့ရဲ့ ကစားသမားဘဝမှာ ပွဲပေါင်း ၄၉ ပွဲထိုးသတ်ခဲ့ပြီး ၂၆ ပွဲ အလဲထိုးကာ ပွဲတိုင်းအနိုင်ရထားသူဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်မှာ တစ်ကြိမ် ၂၀၁၅ ခုနှစ်မှာ တစ်ကြိမ်အနားယူခဲ့ပေမယ့် မက်ဂရီဂေါ်ရဲ့ စိန်ခေါ်မှုကြောင့် ကြိုးဝိုင်းထဲကို ပြန်ရောက်လာခဲ့ပါပြီ။

အသက် ၂၈ နှစ်အရွယ်သာရှိသေးတဲ့ မက်ဂရီဂေါ်ကတော့ UFC ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲတွေရဲ့ ဖယ်သာဝိတ်တန်း၊ လိုက်ဝိတ်တန်းနဲ့ဝယ်သာဝိတ်တန်းတွေမှာ ချန်ပီယံခါးပတ်တွေ ရယူထားသူဖြစ်ပါတယ်။ UFC ပွဲပေါင်း ၂၄ ပွဲ ထိုးသတ်ခဲ့ရာမှာ ၂၁ ပွဲနိုင်ပြီး ၃ ပွဲရှုံးခဲ့ပါတယ်။ အနိုင်ရခဲ့တဲ့ ၂၄ ပွဲမှာ ၂၁ ပွဲက အလဲထိုးနဲ့နိုင်ခဲ့တာပါ။

မက်ဂရီဂေါ်ဟာ ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲမှာ သူမတူတဲ့ ကစားသမားဖြစ်ပေမယ့် လက်ဝှေ့စည်းကမ်းနဲ့ တစ်ခါမှ ထိုးသတ်ခဲ့ဖူးသူတော့ မဟုတ်ပါဘူး။ မေဝဲလ်သာနဲ့ပွဲက သူ့အတွက် ပထမဆုံးလက်ဝှေ့ပွဲ ဖြစ်ပါတယ်။

မေဝဲလ်သာနဲ့မက်ဂရီဂေါ်တို့ဟာ ဒီပွဲထိုးသတ်ကြေးအဖြစ် တစ်ဦးကို အမေရိကန်ဒေါ်လာသန်း ၁၀၀ စီလောက်ရရှိကြမယ်လို့ သတင်းတွေက ဆိုပါတယ်။ အချို့သတင်းတွေမှာတော့ နှစ်ဦးပေါင်းကို အမေရိကန်ဒေါ်လာသန်း ၁၈၀ ရရှိမယ်လို့ ဖေါ်ပြထားပြီး မေဝဲလ်သာကသန်း ၁၀၀၊ မက်ဂရီဂေါ်က သန်း ၈၀ လို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီပွဲဟာ ကမ္ဘာ့လက်ဝှေ့လောကမှာတော့ ဆုကြေးအမြင့်ဆုံးလက်ဝှေ့ပွဲတစ်ပွဲ ဖြစ်လာတော့မှာပါ။ မေဝဲလ်သာနဲ့ပက်ကွီအိုတို့ရဲ့ပွဲစဉ်တုန်းကလိုပဲ ဒီပွဲကို The Money Fight လို့ မီဒီယာတွေက တင်စားနေကြပါပြီ။

မက်ဂရီဂေါ်ရဲ့ကိုယ်စား ဒီပွဲဖြစ်မြောက်ဖို့ စီစဉ်ခဲ့တဲ့ UFC ဥက္ကဋ္ဌ ဒန်နာကတော့ ဒီပွဲမှာ ဘယ်သူအနိုင်ရမယ်လို့ မပြောနိုင်ပေမယ့် မက်ဂရီဂေါ်ဟာ အချိန်မရွေး၊ နေရာမရွေး၊ ပြိုင်ဘက်မရွေးပဲ ထိုးသတ်မယ့်သူဖြစ်ပြီး မေဝဲလ်သာကို အလဲထိုးနိုင်ဖို့လဲ ကြိုးစားလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ရည်ညွှန်း ဘီဘီစီ၊ ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required