ဘေ့စ်ဘောလေ့ကျင့်ရေးကွင်း၌ သေနတ်ဖြင့်အပစ်ခံခဲ့ရသူ အမေရိကန်လွှတ်တော်အမတ်၏ အခြေအနေ စိုးရိမ်ရ

ဘေ့စ်ဘောလေ့ကျင့်ရေးကွင်း၌ သေနတ်ဖြင့်အပစ်ခံခဲ့ရသူ အမေရိကန်လွှတ်တော်အမတ်၏ အခြေအနေ စိုးရိမ်ရ

ဗာဂျီးနီးယား၊ ဇွန် ၁၅ ။          ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို လူမှုမီဒီယာပေါ်၌ ပယ်ပယ်နယ်နယ် ဝေဖန်ရှုတ်ချခဲ့သည့် သေနတ်သမား တစ်ဦးသည် ဗာဂျီးနီးယားပြည်နယ် အလက်ဇန်းဒရီယားမြို့ရှိ ဘေ့စ်ဘောကွင်း၌ လေ့ကျင်းခန်းဆင်းနေသော ထိပ်သီး ရစ်ပတ်ဘလစ်ကန် လွှတ်တော် အမတ်တစ်ဦးကို ဒဏ်ရာပြင်းထန်စွာရရှိအောင် သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး အခြား ၄ဦးခန့်ကိုလည်း ဒဏ်ရာရရှိစေခဲ့သောကြောင့် သူ့ကို ရဲများက ပြန်လည်ပစ်ခတ်ခဲ့ကြသည်။

ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် မနက် ၇နာရီခန့်က ယူဂျင်းဆင်ဆွန်အားကစားကွင်း၌ ဖြစ်ပွားခဲ့သော ယင်းဖြစ်ရပ် တွင် ဒေါ်နယ်ထရမ့်အား သစ္စဖောက်ဟု လူမှုမီဒီယာ၌ ပြောဆိုဝေဖန်ခဲ့သော အီလီနွိုက်မှ အသက် ၆၆နှစ် အရွယ်ရှိ ဂျိမ်းစ်တီဟော့တ်ကင်ဆန် ဟု အမည်ရသော သေနတ်သမားသည် ကြာသာပတေးနေ့တွင် ကျင်းပ မည့် လွှတ်တော်ရန်ပုံငွေ   ဘေ့စ်ဘောပြိုင်ပွဲအတွက်   လေ့ကျင့်ခန်း ဆင်းနေကြသော လွှတ်တော်အမတ်များကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

ယင်းသို့ပစ်ခတ်မှုအတွင်း လူဝီစီယားနားပြည်နယ် ကိုယ်စားပြုသည့် အမေရိကန်အောက်လွှတ်တော်မှ ရစ်ပတ်ဘလစ်ကန်အမတ် စတိဗ်စကယ်လိုက်စ်သည် တင်ပါးကိုအပစ်ခံခဲ့ရပြီး ယခုအခါတွင် အတိမ်းအစောင်း မခံသည့် အခြေအနေတွင်ရှိပြီး ခွဲစိတ်ကုသမှုများ ပြုလုပ်နေရကြောင်း ဝါရှင်တန်မက်စတားဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

“အာဏာပိုင်တွေဟာ ဒီရာဇဝတ်မှုနဲ့ ပက်သက်လို့ ဆက်လက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြပါတယ်။ လုပ်ကြံပစ်ခတ်သူဟာလည်း သူရရှိတဲ့ ဒဏ်ရာတွေနဲ့ပဲ သေဆုံးသွားခဲ့ပါတယ်” ဟု ထရမ့်က အိမ်ဖြူတော်၌ နေ့လယ်ခင်းတွင် အကျဉ်းချုံးပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထရမ့်က ယခုလိုပစ်ခတ်မှုသည် အလွန်ကို ရက်စက်ကြမ်းကြုတ်သော ကျူးလွန်မှုတစ်ခုဖြစ်ကြောင်း ပြောခဲ့ပြီး လွှတ်တော်အမတ် စကယ်လိုက်စ်သည် သူ၏ ရင်းနှီးသော မိတ်ဆွေတစ်ဦးဖြစ်ကြောင်းနှင့်   နိုင်ငံအပေါ်သစ္စာရှိပြီး ရေကုန်ရေခမ်း ကြိုးပမ်းတတ်သူတစ်ဦးဖြစ်ကြောင်း ချီးကျူးခဲ့သည်။

ဒါ့အပြင်ထရမ့်က သေနတ်သမားကို ပစ်ခတ်နှိမ်နင်းခဲ့သော အခင်းဖြစ်ပွားရာနေရာရှိ အမေရိကန်လုံခြုံရေး ရဲအရာရှိနှစ်ဦး၏ လုပ်ရပ်ကိုလည်း ချီးမွမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly