လန်ဒန်တာဝါ မီးလောင်မှုတွင် သေဆုံးသူ ၁၂ ဦးအထိ ရှိလာ

လန်ဒန်တာဝါ မီးလောင်မှုတွင် သေဆုံးသူ ၁၂ ဦးအထိ ရှိလာ

လန်ဒန်၊ ဇွန် ၁၅ ။            ။ လန်ဒန်က အထပ်မြင့်တာဝါမီးအကြီးအကျယ် လောင်ကျွမ်းမှုတွင် တာဝါတွင်း ရှိနေသူများက တာဝါပေါ်က ခုန်ချခြင်း၊ ကလေးများ အသက်ရှင်ရေးအတွက် ပစ်ချခြင်းများဖြင့် ငရဲပွတ်သမျှ အသက်ဘေးများ ဖြစ်ပေါ်ပြီးနောက် ဇွန် ၁၄ ရက်အထိ သေဆုံးသူဦးရေသည် ၁၂ ဦး အနည်းဆုံးရှိသွားပြီဖြစ်သည်။

အထပ် ၂၄ ထပ်မြင့်သည့် Grenfell Tower တွင် လောင်သော မီးကို ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း မီးခိုးငွေ့များ တငွေ့ငွေ့ လွှင့်တက်နေဆဲပင်ဖြစ်သည်။ လူပေါင်း ၆၀၀ နှင့် ၈၀၀ ကြားနေထိုင်သည့် ယင်းတာဝါမီးလောင်မှုသည် မီးကြိုတင်ကာကွယ်ရေး အားနည်းခြင်းကြောင့် ဖြစ်ကြောင်း အသက်ရှင်လွတ်မြောက်လာသူများက စိတ်ဆိုးဒေါသဖြင့် ဆိုသည်။

မီးလောင်မှုဘေးအတွင်း မိဘများက ကလေးများကို ရေစိုသဘက်များ ခြုံခိုင်းထားကာ လွတ်မြောက်ရေးအတွက် ကြိုးစားကြသကဲ့သို့ မီးသတ်သမားများ မရောက်နိုင်သည့် အထပ်မြင့်နေရာက လူများကလည်း လက်များ ဝှေ့ယမ်းကာ အကူအညီတောင်းခံနေသည်များကို မြင်တွေ့ခဲ့ရသည်။

“ကျွန်တော်တို့ သိထားသလောက် သေဆုံးသူက ၁၂ ဦးအထိ ရှိပါတယ်။”ဟု ရဲမှူး ကန်ဒီက အခင်းဖြစ်ရာတွင် သတင်းထောက်များအား ပြောသည်။

“စိတ်ဝမ်းနည်းဖွယ်ရာပါပဲ သေဆုံးသူဦးရေ ထပ်တိုးနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။”ဟု ၎င်းက ပြောပြီး မီးသတ်သမားများက အပျက်အစီးများကြား ရှင်ကျန်ရစ်သူများကို ရှာတွေ့လိမ့်မည် မျှော်လင့်ထားကြောင်းလည်း ဖြည့်စွက်ပြောသည်။

ဆေးရုံတင်ထား ကုသပေးနေရသူပေါင်းက ၇၈ ဦး ရှိပြီး ယင်းတွင် ၁၈ ဦးအခြေအနေက စိုးရိမ်ရသည့် အနေအထားရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly