အလုပ်ပြောင်းရကိန်း ဆိုက်လာတဲ့ ငွေဆောင်တံငါသည်များ

အလုပ်ပြောင်းရကိန်း ဆိုက်လာတဲ့ ငွေဆောင်တံငါသည်များ
ဇွန် ၇ ရက်နေ့က ငွေဆောင်မြို့ မကျည်းမှော်ရွာအနီးကမ်းခြေမှာငါးအရောင်းအဝယ်လုပ်နေတဲ့ မြင်ကွင်းတစ်ခု (ဓာတ်ပုံ - Myanmar Now)

ငွေဆောင်ဒေသငါးရရှိမှု လျော့နည်းလာတာကို ဖြေရှင်းရေးနည်းလမ်းတွေသိပေမယ့် ကိုင်တွယ်ဆောင်ဖို့ ခက်ခဲနေပါတယ်

ငွေဆောင်၊ ပုသိမ် (Myanmar Now) ။                 ။ ဧရာဝတီတိုင်းဒေသကြီး၊ငွေဆောင် ပင်လယ်ကမ်းခြေမြို့ ကျေးလက်ဒေသတစ်ခုမှာ နေထိုင် သူ ဦးညိုဝင်းက နှစ် ၂ဝ ကျော်ကြာလုပ်ကိုင်လာတဲ့ မိရိုးဖလာငါးဖမ်းလုပ်ငန်းကို စွန့်လွှတ်ဖို့ စိတ်ကူးနေပါတယ်။

 သူ့အသက်မွေးဝမ်းကျောင်း လုပ်ငန်း အပြောင်းအလဲလုပ်ဖို့ စိတ်ကူးရတာကတော့  ငါးရရှိနှုန်း ကျဆင်းလာတာကြောင့်ဖြစ်တယ်လို့ ကျောက်ဖျာကျေးရွာအုပ်စု၊  အုန်းတစ်ပင်ကုန်းရွာသား ၄၄ နှစ်အ ရွယ် ဦးညိုဝင်းကပြောပြပါတယ်။

"အရင်တုန်းကပင်လယ်ထဲ တစ်ရက်ဆင်းရင် လှေတစ်တစ်စီးကို ငါးကောင်ရေ ၃ဝဝ လောက် ရတယ်။ အခုကျတော့ အကောင်ရေ ၈ဝ ရဖို့ တော်တော်လေးခက်လာတဲ့အနေအထားမျိုး။ လုံးဝငါးမရ တဲ့နေ့တွေတောင်ရှိတယ်" လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတွေ့ခဲ့ရတဲ့ ကမ်းနီးငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူ ဦးညိုဝင်းက ဆိုပါတယ်။

 မကျည်းမှော်ရွာက ကမ်းနီးငါးဖမ်းသမား ဦးသိန်းစိုးကလည်း တခြားရွေးချယ်စရာလုပ်ငန်း မရှိသေးတဲ့အတွက် ရေလုပ်ငန်းဆက်လုပ်နေရတယ်လို့ ပြောပါတယ်။ သူတို့လိုမျိုး ငွေဆောင်ဒေသ   ရေလုပ်သားတစ်ထောင်ကျော် ကြုံတွေ့နေရတဲ့ ငါးဖမ်းဆီးရရှိမှုနှုန်း နည်းပါးလာခြင်း ပြဿနာလျော့ပါး စေနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အဲဒီနည်းလမ်းတွေထဲမှာငါးဖမ်းဆီးမှုဆိုင်ရာဥပဒေ၊ စည်းမျဉ်းစည်း ကမ်း ပြဋ္ဌာန်းထားချက်တွေအတိုင်းတိတိကျကျ ကိုင်တွယ်ရေးလည်းပါဝင်ပါတယ်။ ဒါပေမယ့် စည်းကမ်း တင်းကျပ်ဖို့အတွက် အခြေအနေမပေးသေးဘူးလို့ အစိုးရဌာနဆိုင်ရာတွေက ပြောကြပါ တယ်။

ငါးပြုန်းတီးစေတဲ့ အကြောင်းရင်း

 ရေလုပ်ငန်းလုပ်ကိုင်သူတွေထဲမှာ တရွတ်ဆွဲပိုက်သုံးခြင်း၊ အဆိပ်ချခြင်း၊ လျှပ်စစ်ဓာတ်အားသုံးခြင်း၊ မိုင်းခွဲခြင်းစတဲ့ တားမြစ်ထားတဲ့နည်းလမ်းအသုံးပြုသူတွေ ရှိတာကြောင့် ငါးသယံဇာတယခင် ထက် ပိုမိုပြုန်းတီးလာခြင်းဖြစ်တယ်လို့  ငွေဆောင်မြို့ ငါးလုပ်ငန်းဦးစီးဌာဦးစီးမှူး ဦးဆန်းဝင်းက ပြောပါတယ်။ 

 “အရေးယူတာထက်စာရင် ကိုယ်ကိုယ်တိုင် သိရှိနားလည်ရင် ပိုကောင်းတာပေါ့” လို့ ဦးစီးမှူးက ပြောပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနကကန့်သတ် တားမြစ်ထားတဲ့ ငါးဖမ်းနည်းတွေကို အသုံးပြုသူဟာ ငွေဒဏ် ၃ သိန်းကနေ ထောင်ဒဏ် ၁ဝ နှစ်အထိ ပြစ်ဒဏ်ပေးဖို့  ဥပဒေပြဋ္ဌာန်းချက် ရှိပါတယ်။

 “တရားမဝင်ငါးဖမ်းနည်းတွေအထဲမှာ တရွတ်တိုက် ငါးဖမ်းနည်းကအဆိုးဆုံးပါ။ အဲ့ဒီနည်းကို ကမ်းဝေးသမားတွေရော၊ကမ်းနီးငါးဖမ်းသမားတွေရောကတားမြစ်ထားတဲ့ကြားထဲကသုံးကြပါတယ်။ တရွတ်ဆွဲပိုက်ကပင်လယ်ကြမ်းပြင်ပျက်စီးတဲ့ အထဲမှာပါပါတယ်” လို့ ဦးစီးမှူးကဆိုပါတယ်။

“တိုက်ပြီးတော့ ဆွဲလိုက်တော့ နှုန်းတွေမှာပေါက်နေတဲ့ အပင်ပေါက်လေးတွေကပျက်စီးသွားတာပေါ့။  အစာကွင်းဆက်တွေ ပျက်ကုန်၊ ငါးသေးလေးတွေလည်း ပါကုန်တော့ ငါးသယံဇာတတွေ ပြုန်းတီးကုန် တာပေါ့” ငါးသယံဇာတပြုန်းတီးမှုကို ကာကွယ်ဖို့အတွက်ဇွန်၊ဇူလိုင်၊ သြဂုတ်လများကို ငါးမဖမ်းရရာ သီအဖြစ် ငါးလုပ်ငန်းဦးစီးဌာနကသတ်မှတ်ထားတယ်၊ ကမ်းနီးကမ်းဝေး ငါးဖမ်းစက်လှေများ ငါးမဖမ်းရ နယ်မြေတွေအကြောင်း ကြေညာအသိပေးထားတယ်၊ ဒါပေမယ့် စည်းကမ်းဖောက်သူတွေ ရှိနေသေး တယ်လို့ သူကရှင်းပြပါတယ်။

 ဝင်ငွေနည်းလာတဲ့ ရေလုပ်သားများဘဝ အဆင်ပြေလာရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနက အကူအညီပေးရေးအဖွဲ့တချို့နဲ့ပူးပေါင်းပြီးဆောင်ရွက်နေတဲ့ အစီအစဉ်တစ်ခုကတော့  ငွေကြေး ထောက်ပံ့ခြင်းပါပဲ။

   ဆင်းရဲမွဲတေမှု ပပျောက်ရေးအစီအစဉ်တစ်ခု ဖြစ်တဲ့ မြစိမ်းရောင် စီမံကိန်းအောက်မှာ ကျေးရွာ တစ်ခုကို အရင်းမပျောက် မတည်ငွေ သိန်း ၃ဝဝ စီထောက်ပံ့ထားတာပါ။ အိမ်၊ စက်လှေ၊ ငါးဖမ်းပိုက် ပိုင်ဆိုင်ကြောင်း ပြနိုင်တဲ့ မိသားစုတစ်ခုကိုချေးယူနိုင်တဲ့ ပမာဏကကျပ် ၃ သိန်းပါ။  ဒီငွေပမာဏက ကျေးလက်ဒေသနေထိုင်သူတွေအတွက် အတိုင်းအတာတစ်ခုအထိအဆင်ပြေပါတယ်။ ချေးငွေ မရသူတွေကတော့ ဒီစီမံကိန်းကိုမကျေနပ်ကြပါဘူး။

ငါးပြုန်းတီးမှု ကာကွယ်ရေး

  ငါးမဖမ်းရရာသီအပြီး ပင်လယ်ပြင်ထွက် ငါးဖမ်းကာလကိုရက် ၉ဝသတ်မှတ်ခဲ့တယ်၊ ဒါပေမယ့်  ငါးဖမ်းသင်္ဘောတွေကအလွန်အကျွံဖမ်းဆီးကြတာကြောင့် ရက် ၆ဝအဖြစ် ပြင်ဆင်သတ်မှတ်လိုက် ပါတယ်၊ ငါးလုပ်ငန်းဦးစီးဌာနကဒီအကြောင်းထုတ်ပြန်ခဲ့ပြီးပါပြီ။ သတ်မှတ်ကာလကျော်လွန်ပြီး ငါးဖမ်းတဲ့ပြည်တွင်းငါးဖမ်းလှေကိုတစ်ရက်  ဒဏ်ငွေ ငါးသောင်းနှုန်းအပြစ်ပေးမယ်၊ ငါးရက်ကျော် သွားရင် နေ့စဉ် ဒဏ်ငွေက နှစ်ဆတက်မယ်၊ ဆယ့်ငါးရက်အထက် ကျော်သွားရင်တော့ စည်းကမ်းပျက် ရေယာဉ်အဖြစ် သတ်မှတ်အရေးယူမယ်လို့ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူး ဦးထွန်းဝင်းမြင့်က  ပြောပါတယ်။

ရက်ကျော်ဖမ်းတဲ့ နိုင်ငံခြားသင်္ဘောကိုတစ်ရက်ဒေါ်လာ ၇,ဝဝဝဒဏ်ကြေးပေးဆောင်စေဖို့ သတ်မှတ်ထားကြောင်း သူကရှင်းပြပါတယ်။ “ငါးရဖို့တစ်ခုတည်းကိုကြည့်ပြီးတော့ စည်းကမ်း ဥပဒေကို ချိုးဖောက်မယ်ဆိုရင်တော့ အခုလိုပြဿနာတွေဖြစ်နေအုံးမှာပဲ” လို့ တိုင်းဦးစီးမှူးက ပြောပါတယ်။

ဌာနကငါးဖမ်းလုပ်ငန်းခွင်ရေပြင်အထိ ကြပ်ကြပ်မတ်မတ် လိုက်လံစစ်ဆေးနိုင်ရင် ဥပဒေ ချိုးဖောက်မှု လျော့နည်းသွားမယ်လို့ သူကဆက်ပြောပါတယ်။ “ကျွန်တော်တို့က ကုန်းပေါ်က ညွှန့်ကြားချက်ပဲ ပေးနိုင်တာပါ။ ရေပြင်မှာတကယ်တမ်းလုံခြုံရေးနဲ့ပတ်သက်ပြီးတော့ တာဝန်ယူထား တာကတပ်မတော်(ရေ)ပါ။ သူတို့ရဲ့အဓိကတာဝန်က နိုင်ငံတော်လုံခြုံရေးပါ။ ငါးဖမ်းသင်္ဘောတွေနဲ့ ပတ်သက်ပြီးစောင့်ကြည့်တာ၊ စစ်ဆေးတာကသူတို့အတွက် အလုပ်အပိုပါ။ သူတို့အနေနဲ့ စစ်ဆေးတာ ကလည်း ငါးဖမ်းတဲ့လှေ အကုန်လုံးကိုထောင့်စေ့အောင် မကြည့်နိုင်ဘူး” လို့တိုင်းဦးစီးမှူးက ပြောပါတယ်။

 ဥပဒေ၊ စည်းမျဉ်းတွေကိုသင့်တော်သလို ပြုပြင်ဖို့ လိုအပ်သလိုလုပ်ငန်းရှင်၊ ရေယာဉ်မှူး၊ ရေယာဉ်ပိုင်ရှင်၊ ရေလုပ်သားများဘက်ကလည်းအပြောင်းအလဲ ပြုလုပ်ရမယ်လို့ တိုင်းဦးစီးမှူးက မှတ်ချက် ပေးပါတယ်။ 

 “ဥပဒေတစ်ရပ်ပြဋ္ဌာန်းမယ်ဆိုရင် လိုက်နာမယ်သူရှိဖို့လိုပါတယ်။ ဥပဒေကမည်သို့ပဲ ပြင်းထန်ပြင်းထန်၊ လစ်ရင် လစ်သလိုလုပ်တယ်၊  အသိစိတ်ဓာတ်တွေကို ပြင်ဖို့လိုပါတယ်” လို့ သူကဆိုပါတယ်။

အလုပ်အကိုင် အခွင့်အလမ်း

 ငွေဆောင်မြို့ ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူး ဦးဆန်းဝင်းက တားမြစ်ထားတဲ့ ငါးဖမ်းနည်း အသုံးပြုတာတွေကိုသတင်းရလို့ ပင်လယ်ပြင်ထဲသွားရောက် ဖမ်းဆီးနိုင်ဖို့အတွက် ဌာနပိုင် ရေယာဉ် (မော်တော်ဘုတ်) မရှိဘူး၊ ရဲတပ်ဖွဲ့နဲ့ မချိတ်ဆက်ဘဲသွားရောက် တားဆီးမယ် ဆိုရင်လည်းဝန်ထမ်း တွေရဲ့လုံခြုံရေးစိတ်မချရဘူးလို့   ရှင်းပြပါတယ်။

  ငွေဆောင်ရုံးအတွက် ဝန်ထမ်းငါးဦးသုံးစွဲနိုင်တယ်လို့ သတ်မှတ်ထားပေမယ့်  သူအပါအဝင် အမြဲတမ်းဝန်ထမ်း ၂ ဦး၊  နေ့စားဝန်ထမ်း ၁ ဦးပဲရှိတယ်လို့ ဆိုပါတယ်။ “ပင်လယ်ပြင်ကိုသွားဖမ်း ဖို့လည်း ကျွန်တော်တို့အနေနဲ့နည်းပညာအခက်အခဲရှိတယ်။ သွားဖမ်းမယ်ဆိုရင်တောင် အဆင့်ဆင့် စာတင်ရမယ်။ ရဲတပ်ဖွဲ့ကိုအကူအညီတောင်းရမှာဖြစ်တဲ့အတွက် အနည်းဆုံးအချိန်ကတော့ တစ်ရက် လောက်ကြာမှာပဲ” လို့ငွေဆောင်မြို့က ဦးစီးမှူးဦးဆန်းဝင်းကဆိုပါတယ်။

  ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရဲ့ ပုသိမ်မြို့နယ် မဲဆန္ဒနယ်(၂) ကိုယ်စားလှယ် ဦးအောင် သူထွေးက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာကြရင် ငါးသယံဇာတပြုန်းတီးမှု လျော့ပါးမှာ ဖြစ်တဲ့အတွက် ရေလုပ်သားများပူးပေါင်းဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းပါတယ်။

ငါးဖမ်းဆီးမှုနည်းလာတဲ့နောက်ဆက်တွဲရလဒ်အဖြစ် ပင်လယ်ပြင်ကိုအားကိုးနေရသူတွေ စားဝတ် နေရေးခက်ခဲလာတာကြောင့် ဒေသနဲ့ ကိုက်ညီတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ရင်းနှီးမြှုပ်နှံမှု တွေပြုလုပ်ဖို့ လုပ်ငန်းရှင်တွေကိုတိုက်တွန်းချင်တယ်၊ အစိုးရပိုင်းကလည်းပစ်မထားသင့်ဘူးလို့  လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။

  “သူတို့ပင်မလုပ်ငန်းက မနက်ဆိုငါးထွက်ဖမ်းမယ်၊ ညနေဆိုပြန်တက်လာမယ်။ ဒီလိုကျင်လည် ဖြတ်သန်းနေမှုတွေကို ခေတ်နဲ့လျော်ညီအောင်၊ဒေသနဲ့လည်းကိုက်ညီအောင် ဒေသဖွံ့ဖြိုးတိုးတက်တက်ရေး လုပ်ငန်းတွေ နိုင်ငံတော်အနေနဲ့ဖော်ဆောင်ပေးဖို့လိုပါတယ်” လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောလိုက်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly