ငဖဲမြို့နယ်အတွင်း မန်းချောင်းရေတက်၊ ရင်းရှည်ရေလှောင်တမံ ရေပြည့်မှတ်ထက် ၁ပေ ရေကျော်

ငဖဲမြို့နယ်အတွင်း မန်းချောင်းရေတက်၊ ရင်းရှည်ရေလှောင်တမံ ရေပြည့်မှတ်ထက် ၁ပေ ရေကျော်
(ဓာတ်ပုံများ - တင်ရွှေ/သန်းနိုင်ဦး(ငဖဲ)

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်အတွင်း ဇွန် ၁၂ ရက်နှင့် ၁၃ ရက်များတွင် မုန်တိုင်းအရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မန်းချောင်းရေကြီးမြင့်မှုဖြစ်ပေါ်ခဲ့သည်။

ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံတွင် ဇွန် ၁၄ရက် နံနက် ၆နာရီတွင် ရေအမှတ် ၆၀၁.၃၀ပေ ဖြစ်၍ ရေဎိုလွှဲမှရေကျော်ရန် ၂၃. ၇၀ ပေ လိုသေးကြောင်း၊ မိုးရေချိန် ၃.၂၅လက်မ ဖြစ်သော်လည်း လုံးဝစိုးရိမ်စရာ မရှိပါကြောင်း မန်းချောင်းရေလှောင်တမံ တာဝန်ခံများထံမှ သိရသည်။

"တောင်ကျရေများစွာ ထပ်မံသိုလှောင်နိုင်ပါသေးတယ်။ ငဖဲမန်းချောင်းကူးတံတား ရေများနေခြင်းဟာ ဆတ်သေချောင်းရေနှင့် ပဇီချောင်းရေများနေ၍ဖြစ်ပါတယ်။ မန်းတမံရေပိုလွှဲမှ   ကျော်လွန်စီးဆင်းလာတဲ့ရေ မဟုတ်ပါဘူး မန်းတမံရေပိုလွှဲသို့ ရေကျော်လွန်ရောက်ရှိသေးခြင်း မရှိသေးပါဘူး" ဟု မန်းချောင်းရေလှောင်တမံ ထိန်းသိမ်းရေးတာဝန်ခံ ဦးမောင်မောင်ဝင်းက ပြောသည်။

သို့သော် ငဖဲမြို့နယ် တောင်ဘက်ခြမ်းရှိ ရင်းရှည်ရေလှောင်တမံမှာမူ ဇွန် ၁၃ရက်နေ့ ညနေ ၆း၄၅ နာရီ အချိန်မှာ ရေပိုလွှဲမှ စတင်ရေကျော်ခဲ့ပြီး ဇွန် ၁၄ရက် နံနက် ၆နာရီတွင် ရေအမှတ် ၆၀၃.၀၀သို့ ရောက်ရှိကာ ရေပြည့်မှတ်ထက် ၁ပေ ရေကျော်ခဲ့သည်ဟု ၎င်းက ပြောသည်။

"ရေကင်းစောင့် တာဝန်များ ချထားပြီး အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက် ရှိပါတယ်" ဟု ဆက်ပြော ပြောသည်။

မန်းရွှေစက်တော်သို့ စီးဆင်းသည့် ပန်းတိမ်းချောင်းရေနှင့် ငဖဲမန်းချောင်းရေနှင့် ၎င်းချောင်းအတွင်းသို့ ဝင်ရောက်စီးဆင်းသော ပဇီချောင်းရေများ စီးဆင်းနေ၍ မန်းရွှေစက်တော် အောက်စက်တော်ရာ ရင်ပြင်အထက် ၂ ပေ ခန့်ရေတက်ခဲ့သည်ဟု သိရသည်။

မန်းရွှေစက်တော် (၃)မိုင်လမ်းအဝင် လှေတင်တံတားတည်ဆောက်ရေးအဖွဲ့သို့ ဇွန်လ ၁၂ရက်ကတည်းက ကြိုတင်သတင်းပေးထား၍ စက်ယန္တရား၊ လူ၊ ပစ္စည်း အားလုံး ဆုံးရှုံးမှု မရှိကြောင်း နှင့် ယခုအခါ မိုးသားမျာအုံ့ဆိုင်း၍ မိုးဖွဲဖွဲရွာနေသည့်အတွက် မိုးဆက်လက်ရွာသွန်ပါက ထပ်မံ ရေတိုးလာနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly